ကိုရီးယားကြက်သားအစပ်ကြော်လုပ်နည်း

ကြက်သားကိုနီနီရဲရဲ အစပ်ပုံစံလေးကြော်ထားတဲ့အတွက် မြင်တာနဲ့ကို စားချင်စဖွယ်ဖြစ်နေပါတယ်။  လုပ်ရတာကလည်း လွယ်လွယ်လေးပါပဲ။

ဒီတော့ ပါဝင်ပစ္စည်းတွေနဲ့ပြုလုပ်ပုံပြုလုပ်နည်းတွေကို အဆင့်ဆင့်ပြောပြမယ်နော်။
၁. ကြက်သား (ကိုယ်နှစ်သက်သလို ထည့်ပါ)
၂. ဝိုင် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
၃. ငရုပ်ကောင်း (အနည်းငယ်)
၄. ဆား (အနည်းငယ်)

ဝိုင်ကတော့ သုံးလည်းရတယ်မသုံးလည်းရပါတယ်။  သုံးရင်တော့ ပိုကောင်းတာပေါ့နော်။
အခုပြောတဲ့ ပါဝင်ပစ္စည်းတွေကို အချိုးကျရောစပ်ပြီး ကြက်သားကို နယ်ထားရပါမယ်။


ကြက်သားကို မကြော်ခင် မုန့်အနှစ်နဲ့နယ်ဖို့အတွက် မုန့်အနှစ်ပြုလုပ်ရပါမယ်။ မုန့်အနှစ်နဲ့ သုတ်ဖို့ရယ် နဲ့ ပေါင်မုန့်အကြွပ်သားနဲ့ ကပ်ဖို့အတွက် ခွက်နှစ်ခွက်လိုပါမယ်။

၁. ပထမခွက်ထဲကို ပေါင်မုန့်သားအကြွပ်ကို ဒီတိုင်းထည့်ထားပါမယ်။
၂. ဒုတိယခွက်ထဲကို အကြော်မှုန့်တွေထည့်ပြီး ရေနဲ့ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ပါမယ်။
ခွက်နှစ်ခွက်လုံးအဆင်သင့်ဖြစ်ပြီဆိုရင် ခုနက နယ်ပြီးသားကြက်သားကို အကြော်မှုန့်အနှစ်နဲ့ နယ်ကာ ဆီအိုးထဲထည့်ခါနီး မှ ပေါင်မုန့်အကြွပ်သားလေးနဲ့ ကပ်လိုက်ရပါမယ်...။ အဲ့နည်းအတိုင်း ကြက်သားတွေကို ဆီပူပူထဲ ထည့်ကြော်လိုက်ပါမယ်။  ကြက်သားတွေ နီရဲလာရင်ဆယ်လိုက်ပါ။


နောက်ဆုံးတစ်မျိုးကတော့ ကြက်သားတွေကို အစပ်ကြော်မှာ ဖြစ်တဲ့အတွက် ငရုပ်သီး အနှစ် လုပ်ရပါမယ်။ ငရုပ်သီး အနှစ်အတွက် ပါဝင်ပစ္စည်းလေးတွေကတော့
၁. ခရမ်းချဉ်သီးဆော့ အနှစ် (စားပွဲတင်ဇွန်း ၂ ဇွန်း)
၂. ပဲငံပြာရည်ကြည် ( လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
၃. ကြက်သွန်ဖြူ ထောင်းပြီးသား (အနည်းငယ်)
၄. ဟင်းချက်ဝိုင် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)
၅. သကြား (စားပွဲတင်ဇွန်း၂ ဇွန်း)
၆. ငရုပ်သီးအစိမ်းမှုန့် (စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ)
၇. နှမ်းဆီ (သို့) ပြောင်းဆီ (လက်ဖက်ရည်ဇွန်း ၅ ဇွန်း)

ပါဝင်ပစ္စည်းတွေ အားလုံးကို အချိုးကျစွာပေါင်းစပ်ပြီးမွှေလိုက်ပါက  ငရုပ်သီးအနှစ်ကိုရရှိပါမယ်။

ရရှိလာတဲ့ ငရုပ်သီးအနှစ်နဲ့ ကြော်ကြားတဲ့ ကြက်သားတွေကို မီးအပူပေးပြီး ရောသမမွှေလိုက်ခြင်းဖြင့် ကိုရီးယားကြက်သားအစပ်ကြော်ကိုရရှိပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။