အမှိုက်ပုံးထဲ စနစ်တကျအမှိုက်ပစ်စေဖို့ ဖန်တီးလိုက်တဲ့ ကာတွန်းပုံအမှိုက်ပုံးလေးများ

Sai Lukhay လူမှုကွန်ယက်အကောင့်ကနေ တင်ထားတာလေးပါ။ အမှိုက်ကင်းစင်ဖို့ရည်ရွယ်ချက်နဲ့ ဝေးလံတဲ့နေရာကရွာလေးတွေကို အမှိုက်ပုံးလေးတွေ လှုဒါန်းတဲ့အပြင် အမှိုက်ကိုပုံးထဲထိ ပစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့အတူ အမှိုက်ပုံးလေးတွေမှာ ကာတွန်းပုံလေးတွေ ရေးဆွဲပြီး လှုဒါန်းမှုတွေပြုလုပ်ခဲ့တာပါ။

အဖြူရောင်နောက်ခံခြယ်ထားတဲ့ ဖိုက်ဘာအမှိုက်ပုံးလေးတွေပေါ်မှာ ကလေးကြိုက်ကာတွန်းဇာတ်ကောင်လေးတွေဖြစ်ကြတဲ့ Tom & Jerry, တွတ်ပီ နဲ့ ဗိုက်ကလေး၊ Masha and the Bear, The Minion စတဲ့ အရုပ်လေးတွေခြယ်သခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာ အမှိုက်ပုံးလေးတွေကို ပင်းတယမြို့နယ်က ဝါးပြားကျေးရွာကိုလှုဒါန်းခဲ့ပြီး ကျေးရွာလမ်းတစ်လျှောက် ရေချိုးဆိပ်၊ ရေကန်၊ ဈေးဆိုင် တွေမှာ အမှိုက်ပုံးတွေကို စနစ်တကျချသွားမှာဖြစ်သလို၊ ကျေးရွာအမှိုက်ကောက်လူငယ်တွေနဲ့ အပတ်စဉ်အမှိုက်ကောက်ပြီး အမှိုက်ကင်းစင်တဲ့ရွာလေးဖြစ်လာဖို့ ရည်ရွယ်ထားတာပါ။

လက်ရှိမှာတော့ နောက်ထပ်အမှိုက်ကင်းစင်ရွာလေးတစ်ရွာထပ်ပေါ်လာနိုင်ဖို့ အမှိုက်ပုံး ( ၆၀ ) လောက်လိုအပ်နေပြီး စုစုပေါင်း ပုံး ( ၆၀ ) လောက်လိုမယ်လို့သိရပါတယ်။ အဲဒီအတွက်ကိုလည်း အလှူရှင်တွေပေါ်ထွက်လာမယ်ဆိုရင် ပိုကောင်းမှာဖြစ်ပြီး အမှိုက်ပုံးကတော့ တစ်ပုံးကို ( ၃၅၀၀ - သုံးထောင့်ငါးရာ ) ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

အမှိုက်ကင်းစင်ပြီး စည်းကမ်းရှိတဲ့လူ့ဘောင်တစ်ရပ်ဖော်ဆောင်နိုင်ဖို့ ကိုယ်တတ်စွမ်းနိုင်တဲ့ဘက်ကနေ ကြိုးစားနေတဲ့ Ko Sai Lukhay ကို WE Media ကနေ ဒီဆောင်းပါးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

Gabriel
Source : Sai Lukhay


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။