တုံယမ်းဆားဘဲဥလုပ်နည်း

ရိုးရိုးဆားဘဲဥ ကို အရမ်းငံလို့ သွေးတိုးရောဂါရှိသူတွေ မစားရဲတဲ့အခါ ဒီလို တုံယမ်းဆားဘဲဥ လုပ်စားကြည့်ပါ။ ပါဝင်တဲ့ ပဒဲကော စပါးလင် ရှောက်နူရွက် တို့က ဆားအငံကိုလျော့စေသလို သွေးတိုးတာကိုလဲ အထိုက်အလျောက် ပြေလျော့စေပါတယ်။

မူရင်းနည်းကတော့ ထိုင်းလူမျိုး တစ်ယောက်ရဲ့နည်းပါ။ 

မူရင်းပိုင်ရှင်ကို credit ပေးပါတယ်။

ပါဝင်ပစ္စည်းများ

ဘဲဥ ၁၀ လုံးအတွက်

၁။ဆား ဟင်းချိုသောက်ပန်းကန်လုံး တစ်လုံးစာ

၂။ စပါးလင် ၂ဆ ၊ ပဒဲကော၊ ရှောက်နူရွက် ၊ကြက်သွန်ဖြူ တစ်ဆ ဟင်းချိုသောက်ပန်းကန်လုံး ၂လုံးစာ

၃။ရေ ဟင်းချိုသောက်ပန်းကန်လုံး ၄လုံးစာ

၄။ ပုလင်း သို့မဟုတ် ကော်ဗူး သန့်ရှင်းခြောက်သွေ့လေလုံရပါမည်။

စပါးလင် ပါးပါးလှီး ပဒဲကော အကွင်းလေးတွေလှီး ကြက်သွန်ဖြူ ဓားပြားရိုက် ထားပါ။ ရေ ဟင်းချိုသောက်ပန်းကန်လုံး ၄လုံးကို ဆူအောင်တည် ပါ။ ဆူရင် အရွက်တွေထည့် ဆားထည့် အဖုံးခဏပြန်အုပ်ထားပါ။ ပြန်ဆူလာပြီး ဆားပျော်သွားရင် ချပြီး အအေးခံထားပါ။ ဘဲဥ ၁၀လုံးကို အပြင်ခွံသန့်ရှင်းအောင် ဆေးကြောထားပါ။ ပြုတ်ရည်လုံးဝအေးသွားမှ ကိုယ်ထည့်မဲ့ ပုလင်း သို့မဟုတ် ဗူးထဲကို ဘဲဥ အရင်စီထည့် ပြီးမှ ပြုတ်ရည်လောင်းထည့်ပါ။ မီးဖိုချောင်ထဲ အခန်းအပူချိန်ရှိတဲ့နေရာမှာ ၁၂ရက်ထားပါ။ စထည့်တဲ့ရက်ကို ပုလင်းပေါ်မှာရေးမှတ်ထားပါ။ ၁၂ရက်ပြည့်ရင် ဘဲဥ သီးသန့်ထုတ်ပြီး ပြုတ်စားစား ကြော်စားစား ကြိုက်သလို လုပ်စားလို့ရပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားရင်လဲရပါတယ်။ 

ဒီနည်းအတိုင်း ကြက်ဥ ဆို ၁၀ရက် ငုံးဥဆို ၆ရက်ထားလို့ရပါတယ်။

သူ့အချိုးကတော့ ဆား၁ဆ ၊ ပဒဲကော၊ရှောက်နူရွက်၊စပါးလင်၊ကြက်သွန်ဖြူ က ၂ဆ၊ ရေက ၄ဆ ဖြစ်ပါတယ် ။ အိုး သို့မဟုတ် ဗူးထဲမှာ ဘဲဥ အပေါ်မှာရေမြုပ်နေရပါမယ်။

ပဒဲကော ရှောက်နူရွက် ကြက်သွန်ဖြူ စပါးလင်မှာ စပါးလင်များများထည့်ပါ။

ဝက်ကောက်ညှင်း ကြက်ကောက်ညှင်းလုပ်တဲ့အခါလဲ ထည့်လို့ရပါတယ်။

အရမ်းမခက်ခဲလို့ ကိုယ်တိုင်လုပ်စားကြည့်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်နော်. . .။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။