နားရွက်လေးကို ဆေးဆိုးခြင်းကြောင့် နားရွက်တစ်ဖက်ပဲ့ကျခဲ့တဲ့ ခွေးလေး

တချို့လူတော်တော်များများဟာ ကိုယ်မွေးထားတဲ့ ခွေးလေးတွေကို ချစ်လွန်းလို့ နားရွက်လေးတွေကို ဆေးဆိုးပေးခြင်းဟာ ယနေ့အချိန်မှာ အတော်လေး ခေတ်စားလာပါတယ်။ အစတည်းက ချစ်ဖို့ကောင်းနေတဲ့ ကိုယ့်ခွေးလေးကို ပိုပြီးလှပလာအောင် သခင်ဖြစ်သူတွေက အမိုက်စား အင်္ကျီလေးတွေ၊ အမိုက်စား ဖိနပ်လေးတွေ၊ အလန်းစား ဆေးရောင်စုံလေးတွေကို ခြယ်သဖန်တီးပြီး အချစ်ပိုလာကြပါတယ်။

အခုလည်း ထိုင်းနိုင်ငံ၊ Bangkok မြို့က ခွေးလေးတစ်ကောင်ဟာ သခင်ဖြစ်သူရဲ့ အချစ်ပိုမှုကြောင့် နားရွက်တစ်ဖက် ပဲ့ကျခဲ့ရပါတယ်။ သခင်ဖြစ်သူရဲ့ လွဲမှားနေတဲ့ လုပ်ရပ်ကြောင့် အင်တာနက်ပေါ်မှာ လူအများရဲ့ ပြောဆိုဝေဖန်မှုတွေ များခဲ့ရပါတယ်။ 

အဆိုပါ သခင်ဖြစ်သူ အမျိုးသမီးရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိဘဲ သူမဟာ သူမကိုယ်ပိုင် လူမှုကွန်ယက်ပေါ်မှာ သူမရဲ့ ခွေးလေး နားရွက်ပြတ်ကျခဲ့ကြောင်း တင်ခဲ့ပါတယ်။ ၎င်းအမျိုးသမီးဟာ ခွေးလေးကို ပိုလှစေချင်တယ်ဆိုပြီး နားရွက်နှစ်ဖက်လုံးကို ပန်းရောင်ဆေးဆိုးပေးလိုက်ပါတယ်။

သူမဆိုးပေးလိုက်တဲ့ ဆေးဟာ အရမ်းကိုများသွားခဲ့ပြီး နောက်ရက်တွေမှာ ခွေးလေး နာကျဉ်ဝေဒနာကို စတင်ခံစားလာခဲ့ပါတယ်။

ခွေးလေးရဲ့ နားရွက်နှစ်ဖက်လုံးကို ဆေးဆိုးလိုက်တယ်ဆိုပေမယ့် တဖက်က ဆေးအရမ်းများသွားပြီး အရေပြားတွေလောင်ကာ ပဲ့ကျသွားရခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး သူမ တခြားခွေးမွေးတဲ့ လူတွေကို သူမ ခွေးလေးလို မဖြစ်စေဖို့ လူမှုကွန်ယက်ပေါ်တင်ပြီး သတိပေးခဲ့ပေမယ့် လူအများစုကတော့ သူမကို စာနာစိတ်မရှိလူ၊ အသိဉာဏ်မရှိတဲ့လူဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

စာဖတ်သူပရိတ်သတ်ကြီးထဲမှာလည်း ခွေးမွေးထားတဲ့လူရှိရင် ကိုယ့်ခွေးလေးကို နဂိုအတိုင်းပဲထားပြီး ဆေးဆိုးခြင်းတွေ မလုပ်မိစေနဲ့နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။