Zombie Virus နဲ့တူတဲ့ဗိုင်းရပ်စ်ရောဂါတစ်မျိုး အမေရိကန်က သမင်တွေမှာဖြစ်ပွားနေ ( Update News )

၂၀၁၈ က ဖြစ်ခဲ့တဲ့ Virus တစ်မျိုးကို PBS, QDMA နဲ့ Washington Post သတင်းဌာနတွေကနေ ၂၀၁၉ ဖေဖော်ဝါရီ ၁၆ မှာ Update လုပ်ထားတဲ့သတင်းပါ။

မြောက်အမေရိကတိုက်မှာ ကျက်စားနေတဲ့သမင်တွေဟာ ထူးဆန်းတဲ့ကူးစက်ရောဂါတစ်ခုကြောင့် သေဆုံးနေကြတယ်။ အဲ့ဒီ ရောဂါဟာ ဗိုင်းရပ်စ် ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရတဲ့ သားကောင်ရဲ့ အာရုံကြောဖွဲ့စည်းမှုစနစ် ကို တိုက်ဖျက်ပစ်တယ်။ အာရုံကြောဖျက်စီးခံရတဲ့ သားကောင်ဟာ အစာစားတာ၊ ရေသောက်တာ အပြင် ပုံမှန်လုပ်နေကျ လမ်းလျှောက်တာ၊ ပြေးတာ စတဲ့ လုပ်ငန်းတွေကိုတောင် ဖြောင့်မှန်အောင်မလုပ်နိုင်တော့ပဲ နောက်ဆုံးမှာ ပိန်ချုံးပြီးသေဆုံးကြပါတယ်။

ဒီ ဗိုင်းရပ်စ် ကို ၁၉၆၇ တုန်းက ကော်လိုရာဒိုပြည်နယ်၊ ဖို့တ်ကောလင်း ကောင်တီမှာ စတွေ့ခဲ့တယ်။ လမ်းဘေးမှာလဲကျသေဆုံးနေတဲ့အရွယ်ရောက်ပြီး သမင် တစ်ချို့ကိုတွေ့ခဲ့ပြီး နောက်ပိုင်းမှာ အမေရိက ရဲ့ ပြည်နယ် ၂၅ ခု နဲ့ ကနေဒါမှာလည်းတွေ့ခဲ့ရတယ်လို့ NPR သတင်းဌာန ရဲ့အပြောကို ကိုးကားပြီး AJC က ဆိုတယ်။

အလားတူရောဂါမျိုးကို တောင်ကိုရီးယား နဲ့ နော်ဝေမှာလည်းတွေ့ရပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာပဲ မီရှီဂန်ပြည်နယ်မှာ လေးနှစ်သားအရွယ်သမင်တစ်ကောင်မှာ ဒီရောဂါကူးစက်ခံရမှု Positive ( အတည်ပြုချက် ) ကိုရရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ မစ္စစ္စပီပြည်နယ်က တခြားသမင်နှစ်ကောင်မှာလည်း ရောဂါကူးစက်ခံနေရတယ်လို့ NPR နဲ့ Mlive.com သတင်းဌာနတွေက ဆိုပါတယ်။

ဒီဇင်ဘာ ၃ ရက် ၂၀၁၈ ရက် ( အမဲလိုက်ရာသီမစခင်အထိ ) အာရုံကြောပျက်စီးမှုဗိုင်းရပ်စ် ကြောင့်သေဆုံးရတဲ့ သမင်အရေအတွက်ဟာ ၈၆ ကနေ ၉၀ ကြားရှိတယ်လို့ New York Times သတင်းကဆိုပါတယ်။
အဲ့ဒီရောဂါကို CWD ( Chronic Wasting Disease ) လို့ပညာရှင်တွေက အမည်တပ်ကြပြီး တချိန်ချိန်မှာ CWD ဟာ လူသားတွေဆီကို ကူးစက်လာနိုင်ချေရှိတယ်လို့ဆိုတယ်။ ကူးစက်တယ်ဆိုတဲ့နေရာမှာ ရောဂါသယ်ဆောင်သူ ( Carrion ) ရဲ့ ခန္ဓာကိုယ်ကနေထွက်လာတဲ့ အရည်၊ အသား နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကိုထိတွေ့ကိုင်တွယ်မိတာ၊ ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်ရဲ့အသားကို မကျက်တကျက်အနေအထားမှာ စားသောက်မိတာတွေကနေ လူတွေဆီကူးစက်နိုင်တယ်လို့ဆိုတာပါ။

နောက်ပြီး လဲကျသေဆုံးနေတဲ့ တိရစ္ဆာန်တွေအနီးအနားက မြေဆွေး နဲ့ အပင်တွေကိုကိုင်တွယ်၊ စားသောက်မိရင်လည်း ရောဂါကူးစက်နိုင်ခြေရှိတယ်လို့ဆိုပါသေးတယ်။ ရောဂါကူးစက်ခံရတဲ့ သားကောင်ဟာ အစပိုင်းကာလတွေမှာ ရောဂါရှိနေမှန်းမသိသာပဲ သာမန်တိရစ္ဆာန်တစ်ကောင်လိုပဲ နေထိုင်နိုင်တယ်။ ရောဂါလက္ခဏာတွေဟာ နှစ်နှစ် နဲ့ သုံးနှစ်အကြားမှာပြသမှာဖြစ်ပြီး တံတွေးတွေယိုကျပြီးအမြှုပ်တစီစီဖြစ်နေတာ၊ ပိန်ချုံးပြီး နံရိုးတွေမြင်နေရတာ၊ ခေါင်းငိုက်စိုက်ကျပြီးငေးငိုင်နေတာ၊ အမြင်တွေမသဲကွဲတော့ပဲ ရန်လိုလာတာ စတဲ့လက္ခဏာတွေဖြစ်ကြပါတယ်။

လက်ရှိမှာတော့ CWD လူကို ကူးစက်တဲ့သတင်းမကြားရသေးပေမယ့် တစ်နည်းနည်းနဲ့လူတွေဆီကူးစက်လာမှာကိုတော့ ပညာရှင်တစ်ချို့ကစိတ်ပူကြပါတယ်။ တစ်ချို့ကလည်း စိတ်ပူဖို့မလိုဘူးလို့ဆိုနေပြီး CWD ဟာ လူသားတွေရဲ့ Immune System ကို ထိုးဖောက်နိုင်မှာမဟုတ်ဘူးလို့ထင်ကြေးပေးကြတယ်။

ဒါပေမယ့် အမဲလိုက်ရာသီစနေစဉ်အချိန်အတွင်း သမင်တွေကို သတိထားကြဖို့ နဲ့ အတတ်နိုင်ဆုံးသမင်တွေကို ပစ်ခတ်စားသောက်တာတွေမပြုလုပ်ဖို့ ဖို့တ်ကောလင်းကောင်တီဒေသန္တရအစိုးရက မေတ္တာရပ်ခံထားပါတယ်။
ပင်ဆယ်လ်ဗေးနီးယား နဲ့ ဝစ္စကွန်ဆင်ကောင်တီတွေကတော့ တစ်မျိုးပါ။ CWD ပြန့်ပွားလာနိုင်မှုကိုတိုက်ဖျက်ဖို့ ရောဂါလက္ခဏာပြနေတဲ့ သမင်တွေ့ရင် ပစ်ခတ်သုတ်သင်ဖို့ညွှန်ကြားပါတယ်။ ဒါပေမယ့် အသားတွေကိုတော့စားသောက်ခြင်းမပြုလုပ်ဖို့မှာကြားထားဆဲပါပဲ။

နှစ်ပေါင်း ၅၀ အတွင်း CWD ဟာ အလျင်အမြန်တိုးတက်တဲ့အဆင့်တစ်ခုကိုရောက်ရှိလာပြီး လေထုထဲကနေ ပြန့်ပွားသွားနိုင်တဲ့ ( Air Transmitted Disease ) တစ်ခုအဖြစ်ရောက်ရှိသွားမှာကို ပညာရှင်တွေက အထူးပဲစိုးရိမ်နေကြပါတယ်။ ဒါပေမယ့် ၁၉၆၇ ကနေ လက်ရှိ ၂၀၁၉ အထိ CWD ကူးစက်ခံရတဲ့ လူသားတစ်ယောက်မှမရှိသေးတာတော့ ကံကောင်းတယ်လို့ဆိုရမှာပါ။

CWD နဲ့ပတ်သက်ပြီး ဝစ္စကွန်ဆင်ပြည်နယ် သားရဲတိရစ္ဆာန်ရေးရာအာဏာပိုင်တစ်ဦးဖြစ်သူ ဆာဂျေကော့ ဒန်းဖီးလ်ဂျုနီယာ ကတော့ အမဲလိုက်ဧရိယာအတွင်း ပစ်ခတ်မယ့်သားကောင်ဟာ CWD လက္ခဏာတွေ့ရင် Wildlife Authority ကို အကြောင်းကြားဖို့နဲ့စမ်းသပ်ချက်က CWD Positive ဖြစ်နေရင် တိရစ္ဆာန်ကို မြေမြှုပ်ဖို့ ( ဒါမှမဟုတ် ) မီးရှို့ပစ်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။

တကယ်လို့သာ CWD ဟာ လူသားတွေဆီ တနည်းနည်းနဲ့ရောက်ရှိလာခဲ့မယ်၊ ကူးစက်ခဲ့မယ်ဆိုရင် ဇာတ်လမ်းရုပ်ရှင်တွေထဲမှာမြင်နေရသလိုမျိုး Zombie Outbreak တစ်ခုဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ လူမှုကွန်ယက်အသုံးပြုသူ ခရစ္စဟန်ဆန် က Newyork Times ကို ပြောပါတယ်။

Gabriel
Source : Could “ Zombie Deer “ disease be the new zombie infection virus to America by Newyork Times, AJC News, Strait Times and Washington Post ကို ပြန်ဆိုပါသည်။




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။