ယာဉ်ထိန်းရဲအား “တပ်ထဲလိုက်ခဲ့”ဟု ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ အမျိုးသားစစ်ဆေးခံရ

(၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့က လူမှုကွန်ရက်ပေမှာ “ ဝှီးတက်နဲ့ လိုင်စင်စစ်ဆေးရန် တောင်းခံခဲ့တဲ့ ယာဉ်ထိန်းရဲကို ခြိမ်းခြောက်ပြီး တပ်ထဲသို့လိုက်ခဲ့ရန် ခေါ်ဆောင်သွားသော ကားပိုင်ရှင်ရဲ့ Video File ဟာ Facebook သုံးစွဲသူ ပြည်သူများအကြား အလျင်အမြန် ပျံ့နှံ့သွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ဟာ ရန်ကုန်မြို့၊ (၈)မိုင်မီးပွိုင့်နားတွင် ဖြစ်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်၍ ယာဉ်နံပါတ် 1K/×××× Crown အဖြူရောင်ယာဉ်အား ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီးနယ်မြေများအတွင်း စုံစမ်းစစ်ဆေး ရှာဖွေမှုများပြုလုပ်ခဲ့ပါတယ်။ 

စုံစမ်းရှာဖွေမှုများပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ပဲခူး)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညနေ(၆)နာရီခွဲအချိန်တွင် ယာဉ်အမှတ်1K/×××× Crown အဖြူရောင်ယာဉ်သည် ပဲခူးမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ JADE GARDEN HOTEL တွင် ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါယာဉ်အားမောင်းနှင်သူမှာ အသက်(၅၄)နှစ် ဦး …………………..၊ ကန်တော်လေးရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းသည် JADE GARDEN HOTEL အခန်းနံပါတ်(၁၀၈)တွင် မွန်းတည့် (၁၂)နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦးနှင့်အတူ လာရောက်တည်းခိုနေထိုင်ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ထိုအမျိုးသမီးနှင့်အတူ ယာဉ်အမှတ် 1K/×××× Crown အဖြူရောင်ယာဉ်ဖြင့် ပဲခူးမြို့သို့ လာရောက်စဉ် ညနေ (၃)နာရီအချိန်ခန့်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ၊ “ ရွှေဘဲ ”စားသောက်ဆိုင်အနီး တံတားအောက်အရောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ယာဉ်အားတား၍ ယာဉ်မောင်းလိုင်စင်နှင့် ဝှီးတက်တို့ကိုစစ်ဆေးရန် တောင်းခံခဲ့ရာ ၎င်းမှ အဆိုပါယာဉ်ထိန်းရဲအား “ တပ်ထဲလိုက်ခဲ့၊ ကားပေါ်တက် ” ဟု ပြောဆို၍ ကားပေါ်သို့ရောက်သောအခါ တံတားအောက်တွင် လှည့်ပတ်မောင်းနှင်ခဲ့ပြီး မူလနေရာသို့ ပြန်ပို့ခဲ့ကြောင်း ထွက်ဆိုအစစ်ခံချက်များအရ သိရှိရပါတယ်။

ဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦး………………… အား တာဝန်ဝတ္တရားထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအား တပ်မတော်သားမဟုတ်ဘဲ တပ်ထဲသို့ လိုက်ခဲ့ဟုခြိမ်းခြောက်ပြောဆိုခြင်းနှင့် ယာဉ်လိုင်စင်စာအုပ်၊ ဝှီးတက်၊ ယာဉ်မောင်းလိုင်စင်တို့အား မှန်ကန်မှုရှိ/မရှိတို့ကို ဆက်လက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းများအရ သိရပါတယ်။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။