ရေကြောင်းကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ ရုရှား S 400 ဒုံးပျံများ မုန်တိုင်းကြောင့်ပျက်စီးခဲ့

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉

ဒီအဖြစ်အပျက်က ဘယ်လောက်ပဲအင်အားကြီးတဲ့နိုင်ငံဖြစ်နေပါစေ၊ သဘာဝဘေးအန္တရာယ်ကိုတော့ လွန်ဆန်လို့မရဘူးဆိုတာပြသနေသလိုပါပဲ။

ပြီးခဲ့တဲ့၂၀၁၈ ဒီဇင်ဘာ ၃၀  ရက်နေ့က ရုရှားနိုင်ငံကနေ တရုတ်နိုင်ငံကို S 400 တာဝေးပစ်ဒုံးတွေအပါအဝင် 40 N6 ဒုံးတွေအများအပြားတင်ပို့ဖို့သွားတဲ့ သင်္ဘောဟာ ဆိုးရွားတဲ့မုန်တိုင်းအတွင်းမှာ ပိတ်မိခဲ့ပါတယ်။

သင်္ဘောဟာ မုန်တိုင်းကြောင့် နစ်မြုပ်ခြင်းတော့မဖြစ်ခဲ့ပေမယ့် တရုတ်နိုင်ငံကိုရောက်တဲ့အချိန်မှာ ဒုံးပျံတွေက အသုံးပြုလို့မရအောင်ပျက်စီးခဲ့တာကြောင့် S 400 အပါအဝင် 40N6 ဒုံးတွေကို ရုရှားကိုပြန်လည်သယ်ဆောင်ပြီး ဖျက်ဆီးပစ်ရတော့မှာဖြစ်ပါတယ်။

အဲ့ဒီအကြောင်းတွေကိုတော့ ရုရှားမီဒီယာဖြစ်တဲ့ TASS က ဖေဖော်ဝါရီ ၁၉ မှာထုတ်ပြန်ခဲ့တာပါ။ ရုရှားသင်္ဘော နီကီဖော် ဘက်ဂျီချက်ဗ် ဟာ လီနင်ဂရက်ခရိုင်၊ လူဂါ ဆိပ်ကမ်းကနေ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထွက်ခွာခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာ မုန်တိုင်းအတွင်းပိတ်မိခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းအပြင် ဆိုးရွားတဲ့အေးခဲမှုကြောင့် ဒုံးပျံတွေထဲမှာ ပါရှိတဲ့ ဆားကစ်ပတ်လမ်းတွေအသုံးပြုမရဖြစ်ပြီး ဒုံးပျံတွေရဲ့ ကိုယ်တိုင်ဖောက်ခွဲရေးစနစ် ( self detonate ) နဲ့ လမ်းကြောင်းရှာဖွေရေးစနစ် ( navigation ) တွေပါ ထိခိုက်ပျက်စီးခဲ့ရတယ် လို့ ရုရှတပ်နီတော်ရဲ့ ဒုဗိုလ်ချုပ်ကြီးလည်းဖြစ်သလို ရုရှစက်မှုအင်ဂျင်နီယာများသမဂ္ဂရဲ့ ဥက္ကဌလည်းဖြစ်သူ ဆာဂီ ဗစ်တာရိုဗစ်ချ် ခီမီဇော့ဗ် က ပြောပါတယ်။

မုန်တိုင်းကြောင့် ပြန်လှည့်လာရတဲ့ သင်္ဘောဟာ လူဂါဆိပ်ကမ်းကို ဇန်နဝါရီ ၉ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။

ရုရှားရဲ့ S 400 ဒုံးပျံစနစ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နဲ့ အန္တရာယ်အရှိဆုံး မဟာဗျုဟာမြောက်တာဝေးပစ်ဒုံးပျံတွေထဲမှာ အပါအဝင်ဖြစ်ပြီး ရန်သူ့လေယာဉ်နဲ့မြေပြင်အခြေစိုက်စခန်းတွေက ပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးတွေ၊ ရေဒါနှောင့်.ယှက်မှုလှိုင်းတွေကိုလည်း ရှောင်ကွင်းနိုင်ပါတယ်။ နောက်ပြီး S 400 ဒုံးတွေဟာ မတူညီတဲ့ပစ်မှတ်ပေါင်း ၃၆ ခုကို တစ်ခါတည်းနဲ့မှတ်ပုံတင်ထားနိုင်ပြီး အနိမ့်ပျံယာဉ်တွေဖြစ်ကြတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ နဲ့ ခရုဇ်ဒုံးကျည်တွေအပြင် တိုက်ချင်းပစ်ဒုံးပျံကြီးတွေ ( ICBM ) တွေကိုပါ ပစ်ချနိုင်တဲ့စွမ်းရည်ရှိတယ်လို့ ကရင်မလင်က ထုတ်ဖော်ပြောကြားထားပါတယ်။

Gabriel
Source : Googlenews


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။