ချစ်ရသူကို မချည်နှောင်ပါနဲ့

ကိုယ် အရမ်းချစ်ရသူကို ချည်နှောင်တယ်ဆိုတာ တကယ်တော့ မကောင်းပါဘူး။ ချည်နှောင်မှ ငြိမ်နေမယ်ဆိုရင် သင့်အပေါ် တကယ်မချစ်လို့ပါ။ ဒီတော့ လွတ်လပ်ခွင့်သာ ပေးထားလိုက်ပါ။

တကယ်ချစ်တဲ့သူဆိုတာ အနေနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ ကိုယ့်ချစ်သူ မကြိုက်တာတွေကို
နှလုံးသားက အလိုလိုသိနေပြီး ဦးနှောက်ကနေ “ဒါတွေ သူ မကြိုက်ဘူး” ဆိုပြီး အလိုလိုဘရိတ်ဖမ်းပီးသား ဖြစ်နေမှာပါ။ ဒါကြောင့်မို့ ကိုယ် ချစ်ခင်တန်ဖိုးထားရသူတွေကို ဖိအားမပေးပါနဲ့။ အရမ်းကြီး ဖိအားပေးပြီး ဖြစ်လာတဲ့အရာတွေက ရေရှည်ခံဖို့ ဆိုတာ လုံးလုံးမဖြစ်နိုင်ပါဘူး။
                 
သူ့စိတ်က အလိုလိုဖြစ်လာပြီး စိတ်၏ စေရာအတိုင်း ကိုယ့်အပေါ် အလိုက်သိနားလည်ပေးတာက ပိုပီးချိုမြိန်ပါတယ်။ ကိုယ် လိုချင်တာရဖို့ ဖိအားပေးပြောဆိုနေရတယ် ဆိုတာမျိုးက မချိုမြိန်သလို ရေရှည်တည်မြဲမှာလည်း မဟုတ်ဘူးလေ။ လူဆိုတာက ဖိလွန်းရင် တွန်းကန်တတ်ပြီး ထွက်ပေါက် ရှာသွားတတ်ပါတယ်။

ကိုယ် သူ့ကို နိုင်လို့ရတယ်ဆိုပြီး တရစပ် ဖိအားပေးမိရင် ကိုယ်က ကောင်းစေချင်တဲ့စေတနာ ဖြစ်ပေမယ့်လည်း တစ်ဖက်မှာ နာကျင်သွားနိုင်ပြီး ကိုယ့်ကိုကျောခိုင်းသွားတာမျိုး ဖြစ်စေနိုင်လိမ့်မှာပါ။
မေတ္တာတရားဆိုတာက တကယ်လေးနက်လာခဲ့ရင် သူ မကြိုက်တာ၊ ကိုယ် မကြိုက်တာတွေကို
နှလုံးသားက အလိုလိုသိလာပြီး ဦးနှောက်က ထိန်းချုပ်လာတတ်တာမျိုးပါ။ ချည်နှောင်မှ၊ ဖိအားပေးမှ ရလာတယ်ဆိုရင် လေးနက်မှု မရှိလို့ပါ။
                       
ကဲ ဒါကြောင့် ချစ်ခင်ရသူတွေကို အရမ်းကြီး မချုပ်နှောင်ဘဲ စိတ်ချမ်းသာအောင် ထားပေးခြင်းက ကိုယ်တိုင် ပျော်ရွှင်ဖို့ ဖြစ်လာပါလိမ့်မယ်။ ချစ်သူတိုင်း သာယာပျော်ရွှင်နိုင်ကြပါစေ ...

Scarlett

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။