ကလေးမိဘတိုင်းသတိထားရမယ့် အွန်လိုင်းပေါ်က Mo Mo Challenge ( မျှဝေပေးပါ )

ပြီးခဲ့တဲ့ ၂၀၁၇ ကနေ အခုလက်ရှိ ၂၀၁၉ အထိ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ တော်တော်လေးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်။ အဖြစ်အပျက်ဆိုတာထက် Challenge လို့ပြောရင်ပိုမှန်မယ်။
အဲ့ဒါကတော့ Mo Mo Challenge ပါ။

ဒီ challenge ရဲ့ သဘောတရားက တခြားကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့နေရသလို ပေါပေါပဲပဲ challenge တွေနဲ့မတူဘူး။ အင်တာနက်အသုံးပြုသူတစ်ယောက် ( အထူးသဖြင့် ကလေးငယ် ) တွေကို ပစ်မှတ်ထားတဲ့ challenge တစ်မျိုးဖြစ်တယ်။ ဥပမာ ကိုယ့်ကလေးငယ်က ဖုန်းတစ်လုံး၊ တက်ဘလက်တစ်လုံးနဲ့ အင်တာနက်သုံးနေမယ်။ ဥပမာ Facebook, Youtube နဲ့ တစ်ခြား Twitter လိုမျိုး။ ကလေးအင်တာနက်သုံးနေတုန်း သူ့ရဲ့ tab ဟာ ရုတ်တရက်ကြီးတခြား video ဖိုင်တစ်ခုဆီကို redirect လုပ်မယ်။ ပြီးရင် ဗွီဒီယိုဖိုင်ထဲမှာ မျက်နှာဖုံးစွပ် ( တစ်ခါတစ်လေ မျက်မှန်အနက်တပ်၊ သက္ကလပ်ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထား၊ လောင်းကုတ်အနက်ရောင်ဝတ်ထား ) တဲ့ လူတစ်ယောက်ရဲ့ပုံပေါ်လာမယ်။ ပြီးရင် အဲ့ဒီလူက ကလေးကို ထူးထူးဆန်းဆန်း activity တစ်ခုခု၊ ဒါမှမဟုတ် challenge တစ်ခုကိုလုပ်ဖို့အကြံပေးလိမ့်မယ်။

ဥပမာဆို မင်းရဲ့ အပြုအမူလေးတစ်ခုကနေ မိဘမဲ့ဂေဟာတစ်ခုခုဆီ ရန်ပုံငွေတွေရောက်သွားမယ်တို့၊ ဒီ challenge လေးက မင်းနဲ့ဆိုအရမ်းပေါက်မှာ .. ချို့တဲ့နေတဲ့လူမှုအဖွဲ့အစည်းတွေကိုမင်းကြောင့် ပိုက်ဆံတွေလာလှုမယ်တို့ဘာတို့ပေါ့။ ပြောရရင် ကလေးကို သူတို့ကိုယ်သူတို့ ဟီးရိုးတစ်ယောက်လိုဖြစ်အောင် လှုံ့ဆော်ပေးလိုက်တဲ့ပုံစံပါ။

ပထမအဆင့်မှာတော့ ကလေးငယ်ကို သီချင်းဆိုခိုင်းတာ၊ ကခိုင်းတာ စတဲ့ခပ်ရိုးရိုး challenge လေးတွေလုပ်ဖို့ခိုင်းလိမ့်မယ်။

နောက်ပိုင်းတစ်ဖြည်းဖြည်းအဆင့်တက်လာတယ်။ ကလေးငယ်လိုင်းပေါ်မှာရှိတဲ့အချိန်သူရောက်လာမယ်။ နောက်ထပ် challenge အနေနဲ့ ကိုယ့်အသားနာစေတဲ့တစ်ခုခုကို လုပ်ဖို့ခိုင်းစေတာပါ။ ဥပမာ လက်ကောက်ဝတ်ကိုဓားနဲ့လှီးခိုင်းတာမျိုး၊ လက်ဖဝါးကိုဓားနဲ့မွှန်းခိုင်းတာမျိုးပေါ့။ အဲ့လိုလုပ်ရင် မင်းကိုလူတွေက ပိုပြီးစိတ်ဝင်စားလာမယ်တို့ဘာတို့ပြောပြီး လုပ်ခိုင်းတဲ့အဆင့်ပါ။
ဒီလိုနဲ့ကလေး အွန်လိုင်းပေါ်ရှိချိန်တိုင်း သူပေါ်ပေါ်လာပြီး challenge တစ်ခုပြီးတစ်ခုလုပ်ခိုင်းမယ်။ နောက်ဆုံး ကိုယ့်ကိုကိုယ် သတ်သေခိုင်းတဲ့အဆင့်အထိ စေခိုင်းပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ ကလေးငယ်အနေနဲ့ သူခိုင်းတာတွေတစ်ခုပြီးတစ်ခုလုပ်ရင်း နောက်ဆုံး သေသွားမှ မိဘတွေသိမယ့်အနေအထားဖြစ်သွားပါလိမ့်မယ်။

မယုံမရှိပါနဲ့။ အဲ့ဒီလိုအဖြစ်အပျက်မျိုး အမေရိက မှာ ကြိုကြားကြိုကြားဖြစ်နေတာ ၂၀၁၆ နှစ်ကုန်တည်းကပါ။ ဓာတ်ပုံတွေ၊ မှတ်တမ်းမှတ်ရာတွေနဲ့ သက်သေအထောက်အထားတွေလည်း ရှိနေပါတယ်။ အွန်လိုင်းမှာ Mo Mo Challenge လို့ရိုက်ရှာလိုက်ရုံပါပဲ။

ပြောရရင် ဒါဟာ Cyber Bullying သက်သက်ပါ။ အသိဉာဏ်သိပ်မကြွယ်ဝစေသေးတဲ့၊ mature မဖြစ်သေးတဲ့ ကလေးငယ်တွေကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ အန္တရာယ်များတဲ့ အရာတစ်ခုဖြစ်တယ်။ များသောအားဖြင့် Mo Mo Challenge ဆိုပြီး အများဆုံးတွေ့ရတာ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြားအရွယ်တွေ၊ တစ်ခါတစ်လေကျရင် ၂၅ အရွယ်တွေထိတောင်ပါတတ်တယ်။ နောက်ပြီး Mo Mo Challenge ကို လိုက်လုပ်မိတဲ့ကလေးငယ်တွေက မိဘရဲ့ ဂရုစိုက်မှုကိုသိပ်မရတဲ့သူတွေ၊ ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်သူတွေ၊ အထီးကျန်ပြီး စိတ်ကျရောဂါခံစားနေရတဲ့ကလေးငယ်တွေမှာပိုဖြစ်တတ်ပါတယ်။

၂၀၁၈ မှာ Mo Mo Challenge ကို ပထမဆုံးစပြီးထိတွေ့ခဲ့သူက အသက် ၁၂ နှစ်အရွယ် အာဂျင်တီးနားမိန်းကလေး ပါ။ အဲ့ဒီ Challenge ကို စွဲစွဲမြဲမြဲဆော့ပြီး နှစ်လလောက်အကြာမှာတော့ အိမ်နောက်ဖေးက သစ်ပင်မှာ ဆွဲကြိုးချပြီး သတ်သေနေတဲ့သူမရဲ့အလောင်းကိုတွေ့ခဲ့ကြတယ်။ ဗြူနိုအေးရီးစ် မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ပါ။ မသေဆုံးခင်မှာ ကလေးမလေးက သူမကိုယ်သူမသတ်သေဖို့ကြိုးစားနေတဲ့ ပုံကို သူမရဲ့ ဖုန်းနဲ့ပဲမှတ်တမ်းတင်ထားခဲ့တယ်။ အာဏာပိုင်တွေကတော့ ကလေးမလေးဟာ မသေဆုံးခင်တစ်စုံတစ်ယောက်ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေခဲ့တယ် လို့ယူဆကြပါတယ်။

ဒီတစ်ခုတည်းမဟုတ်ပါဘူး။ ရေးရင် စာရှည်မှာစိုးလို့ပါ။ တကယ်တော့ Mo Mo ဆိုတာ ဂျပန်ရိုးရာဒဏ္ဍာရီထဲက တစ္ဆေတစ်ကောင်ပါ။ မျက်လုံးအကြီးကြီးတွေ၊ V ပုံသဏ္ဍာန်ခပ်ပြဲပြဲပြုံးနေတဲ့ပါးစပ်၊ ကျို့တို့ကျဲတဲဆံပင်ရှည်ကြီးတွေရှိတဲ့ အဲ့ဒီတစ္ဆေရဲ့ရုပ်ပုံကို ဂျပန်ကုမ္ပဏီတစ်ခုကထုတ်လုပ်ထားတယ်။ တော်တော်ကြောက်ဖို့ကောင်းပါတယ်။ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆို ကြည့်နေရင်းနဲ့ တင် ကြက်သီးထပြီး မျက်နှာလွှဲချင်လာတာမျိုးပါ။ Creepy ဖြစ်တာပေါ့။

ပြောချင်တာက အဲ့ဒါ လက်ရှိကမ္ဘာ့နိုင်ငံတော်တော်များများမှာဖြစ်ပြီးခဲ့တာမို့လို့ ဒီကိုလည်းတစ်နည်းနည်းနဲ့ရောက်မလာဘူးလို့ပြောမရတဲ့အတွက် မိဘတွေသတိရှိကြဖို့မှာချင်တာပါ။ ကလေးတွေကို ဖုန်းသုံးတဲ့အချိန်ကန့်သတ်ထားဖို့၊ ကလေးရဲ့ပုံစံက မူမမှန်တာမျိုး၊ လူမြင်ကွင်းကနေ အချိန်တော်တော်ကြာအောင်ပျောက်နေတာမျိုး၊ အခန်းအောင်းပြီးဖုန်းပဲသုံးနေတာမျိုးဆိုရင် မိဘတွေသတိထားကြဖို့လိုပါမယ်။ နောက်ပြီး အဲ့ဒီလိုလက္ခဏာတွေတွေ့လာရင် သေသေချာချာဂရုတစိုက်နဲ့စောင့်ကြည့်ဖို့လိုပါတယ်။ နောက်ပြီး Youtube သုံးတော့မယ်ဆိုရင်လည်း age restriction လုပ်ထားဖို့လိုပါမယ်။ ကွန်ပျုတာသုံးရင်လည်း ကိုယ်မြင်နိုင်တဲ့နေရာမှာထားပေးရပါမယ်။ နောက်ပြီး ကလေးတွေဝင်ကြည့်တတ်တဲ့ Youtube Kids, Pegga Pigs နဲ့ Fortnite လိုမျိုး program တွေကို သတိထားပြီးစောင့်ကြည့်ပါ။ အဲ့ဒီ Mo Mo Challenge က Ad တစ်ခုပုံစံနဲ့လည်းလာတတ်တာမို့လို့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ Challenge ရဲ့ rules တစ်ခုထဲမှာ လူမြင်ကွင်းကနေ ၇၂ နာရီကြာအောင်ပျောက်နေဖို့လိုမယ် ဆိုတာပါနေလို့ပါပဲ။

ကလေးတွေကိုအချိန်ပေးပါ။ နွေးနွေးထွေးထွေးနေပေးပါ။ တစ်ခုခုဆို သူတို့နဲ့သေသေချာချာလေးစကားပြောပါ။ မဆူပါနဲ့။ နောက်ဆုံးမှာချင်တာတော့ ကလေးငယ်တွေ ဖုန်းကြည့်၊ ကွန်ပျုတာကြည့်တဲ့ ( screen time ) ကို လျှော့ချပေးနိုင်ဖို့ပါ။ ဒါဆို အဆင်ပြေပါပြီ။

နိုင်ငံတော်တော်များများမှာဖြစ်နေတာမို့လို့ ကျွန်တော်တို့သိသလောက် လက်ဆင့်ကမ်းဝေမျှတာဖြစ်ပါတယ်။ အထောက်အထားတွေလည်းအများကြီးရှိပါတယ်။ လင့်ခ်တွေရှိတယ်။ ဗွီဒီယိုဖိုင်တွေရှိတယ်။ အွန်လိုင်းမှာရှာကြည့်လို့ရပါတယ်။
မယုံဘူး .. ဒါတွေက အာပလာတွေဆိုရင်လည်း သဘောပါ။ Awareness ဖြစ်အောင် သတိပေးခြင်းသာဖြစ်ပါတယ်။ ကိစ္စတိုင်းမည်သည်က မဖြစ်သေးရင်မဖြစ်ဘူး .. ဖြစ်ပြီဆိုရင်တော့ဖြစ်တယ် ဆိုတဲ့စကားလုံးကို လက်ကိုင်ထားဖို့တော့လိုပါမယ်။

Gabriel
Source – Brenda Becker, snopes.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။