လေးစားအားကျဖွယ်ကောင်းသော မြန်မာနိုင်ငံရှိ ထိပ်တန်းအမျိုးသမီးများ

သိပြီးသားဆိုပေမဲ့လဲ တချို့မသိသေးသော အမျိုးသမီးငယ်လေးတွေအတွက် ရည်ရွယ်ပြီး ရေးသားထားတာပါနော်။ ယနေ့ခေတ်မှာ popping ပေါ်လိုက်ရင်း အချိန်ကုန်နေတတ်တဲ့ ညီမငယ်လေးတွေ အတုယူတတ်စေဖို့ငယ်စဉ်ကတည်းက ကြိုးစားခဲ့ပြီး အရည်ချင်းရှိရှိ အောင်မြင်လာတဲ့ အမျိုးသမီး အချို့ကိုဖော်ပြလိုက်ပါတယ်။

၁။ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)

မြန်မာနိုင်ငံကို သိပ်ချစ်သော၊ နိုင်ငံတကာက နိုဘယ်လ်ဆုပေါင်းများစွာ ချီးမြှင့်ခြင်းခံရသော သူမကိုတော့ မသိသူမရှိ၊ မလေးစားသူမရှိ၊ မချစ်သောသူ မရှိလောက်ပါဘူးနော်။ သူမချစ်သော တိုင်းပြည်နဲ့လူမျိုးအတွက် သူမပေးဆပ်ခဲ့တာတွေ၊ အနစ်နာခံခဲ့တာတွေ၊ ပင်ပမ်းဆင်းရဲခံခဲ့တာတွေဟာ တိုင်းတစ်ပါးကတောင် အောချယူရလောက်အောင်၊ Documentary တွေ Film တွေ အထိမ်းအမှတ်တွေလုပ်ပေးရလောက်အောင်ကို လေးစားဂုဏ်ပြုခြင်းခံခဲ့ရတာပါ။ ဘယ်အချိန်ကြည့်ကြည့် မြန်မာ့ဂုဏ်ကျက်သရေအပေါင်းနဲ့ပြည့်စုံတဲ့သူမ၊ ဉာဏ်အမြော်အမြင်ကြီးသောသူမ၊ အမြဲတမ်းကိုယ်ကျိုးကို မငဲ့ကွက်သောသူမ၊ ကမ္ဘာမှာ မြန်မာလို့ဟစ်အော်ခေါင်းမော့နိုင်အောင် လမ်းဖောက်ပေးခဲ့သောသူမ၊ သူမဟာ မြန်မာနိုင်ငံအမျိုးသမီးထုကြီးရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်ဆိုတာထက်ကိုပိုပါတယ်။ သူမရဲ့ဘဝ အထုပ္ပတ္တိတွေကို ဖတ်ခြင်းအားဖြင့် ဘဝရဲ့အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖို့သတ္တိတွေ ခွန်အားတွေ ရင်ဆိုင်ဖို့နည်းလမ်းတွေကို ရရှိနိုင်ပါတယ်။ ခေါင်းဆောင်ကောင်း၊ နိုင်ငံသားကောင်း၊ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်သောသူမကတော့ မြန်မာနိုင်ငံသားတိုင်းလေးစားရတဲ့ ထိပ်ဆုံးကလူပါဘဲ။ မိတ်ဆွေရဲ့အခက်အခဲ အကျဉ်းအကြပ်တွေကို လက်လျှော့ဖို့စဉ်းစားနေပြီလား၊ ဒါဆိုရင်တော့ အမေစုကို သတိရလိုက်ပါနော်။

၂။ ဒေါ်ဝင်းဝင်းတင့် (CEO of City Mart Holdings)

မြန်မာနိုင်ငံရဲ့အကြီးဆုံး လက်လီဆိုင်လုပ်ငန်းဖြစ်တဲ့ City Mart ကို ဦးဆောင်လုပ်ကိုင်နေသူ၊ မြန်မာ့စီးပွားရေးဘုရင်မလို့တင်စားခေါ်ဝေါ်ခံရတဲ့ ဒေါ်ဝင်းဝင်းတင့်ဆိုတာကတော့ ကမ္ဘာ့သြဇာအာဏာ အကြီးဆုံး အမျိုးသမီးစာရင်းမှာတောင် ဖော်ပြခံခဲ့ရတာပါ။ သူမရဲ့ အစွမ်းကတော့ အံ့မခမ်းပါဘဲနော်။ မြန်မာနိုင်ငံမှာ Convenience Store တွေကို စတင်တည်ထောင်တဲ့ ABC Store ကိုတောင် အမှီလိုက်နိုင်ခဲ့သူပါ။ သူမဟာဆိုရင်လဲ အသက်ငယ်ငယ်ရွယ်ရွယ်နဲ  စီးပွားရေးလုပ်ငန်းထဲ ပစ်သွင်းခံခဲ့ရသူပါ။ သူမရဲ့နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲကြိုးစားအားထုတ်မှုတွေကြောင့် ယခုအခါမှာတော့ City Mart Supermarket/ Ocean Super Center/ City Express စတဲ့ လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားနေနိုင်ပါပြီ။ သူမရဲ့အောင်မြင်မှုတွေနဲ့အတူ ယူဆောင်လာတာကတော့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပါဘဲ။ အပြိုင်အဆိုင်များလှတဲ့ ယနေ့ခေတ်စီးပွားရေးလောကထဲမှာ ထိပ်ဆုံးကရပ်တည်နေနိုင်တဲ့ သူမရဲ့စီးပွားရေးအမြင်ရှိမှု၊ ထက်မြက်မှုတွေကတော့ အရမ်းကို လေးစားအားကျဖို့ကောင်းနေပါပြီ။

၃။ ဒေါ်နန်းလိုင်ခမ်း(Director of KBZ Group, Chairman of Air KBZ and MAI Airline, Founder of BFM Foundation)

လုပ်ငန်းနာမည်တွေနဲ့တင် မှင်သက်နေပါပီနော်။ ငယ်ရွယ်တဲ့ အသက်နဲ့မလိုက်အောင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ထိပ်တန်းမှာ နေရာယူထားနိုင်တဲ့ business woman ဆိုရင်တော့ ဒေါ်နန်းလိုင်ခမ်းကိုသာ ပြေးမြင်မိပါတယ်။ ခေတ်အဆက်ဆက် အမျိုးသမီးတွေဟာအမျိုးသားတွေလောက် စွမ်းဆောင်ရည်မရှိဘူးဆိုတဲ့ သီအိုရီကြီးကို မြေလှန်ပစ်နိုင်ခဲ့တဲ့သူမ၊ သူမဟာ မြန်မာနိုင်ငံရဲ့ယောက်ျားသားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တစ်တန်းထဲထားပြီး တလေးတစားဆက်ဆံခံရလောက်အောင် ထက်မြက်တဲ့သူပါ။ အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့ထူးချွန်လူငယ်အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ၁၂ ယောက် စာရင်းထဲမှာလဲ ပါဝင်ခဲ့ပါသေးတယ်။ သူမရဲ့အတွေးအခေါ်နဲ့ရိုးရှင်းတဲ့နေထိုင်မှုပုံစံ၊ သူမရဲ့အကျိုးပြုလုပ်ငန်းတွေ၊ ယောက်ျားတွေနဲ့ရင်ဘောင်တန်းနိုင်တဲ့ သူမရဲ့ပညာဉာဏ်ကြီးမားမှုတွေက ယနေ့ခေတ် အမျိုးသမီးငယ်လေးတွေအတွက် တကယ်ကိုလိုက်နာအတုယူအားကျစရာပါ။

၄။ ဒေါ်ဝေသစ်လွင်(Managing Director of ABC Store, Founder of Bella Cosmetics, Executive Director of TMW)

အသက် ၁၈ နှစ်နဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသူ၊ smart ကျလှပပြီး ထက်မြက်သူ၊ ချစ်စရာသမီးလေးနှစ်ယောက်ရဲ့မေမေ ဒေါ်ဝေသစ်လွင်ကိုတော့ ယခုခေတ်မိန်းကလေးအတော်များများ အားကျနေကြရတာပါ။ “Background ကောင်းလို့တော်တာပါ၊ အရင်းအနှီးကြီးလို့အောင်မြင်တာပါ” ဆိုတဲ့ အချက်တေကြောင့်ပဲ သူမအခုလိုနေရာရောက်လာတာမဟုတ်ပါဘူး။ ကျောထောက်နောက်ခံကောင်းပြီး မအောင်မြင်တဲ့သူ မထွန်းပေါက်တဲ့သူတွေအများကြီးပါ။ ငယ်ငယ်ကတည်းက စီးပွားရေးအတွေးအမြင်တွေကို ခေါင်းထဲရိုက်သွင်းခံခဲ့ရသူဖြစ်တဲ့အလျောက် ဆယ်ကျော်သက်အရွယ်လေးနဲ့တင် စီးပွားရေးလုပ်ငန်းများစွာကို Control လုပ်နိုင်သူဖြစ်လာခဲ့ပါတယ်။ Bella Cosmetic Brand ကို ၆လဆိုတဲ့ အချိန်ကာလအတွင်း ဈေးကွက်ရဲ့ထိပ်ဆုံးရောက်အောင်ပို့နိုင်ခဲ့တာကိုကြည့်ခြင်းဖြင့် သူမရဲ့ Marketing စွမ်းရည်၊ Creativity နဲ့ွှTeamwork ကောင်းမွန်မှုတို့ကို အတိုင်းသားမြင်ရမှာပါ။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း အဖက်ဖက်မှာအောင်မြင်အောင်ကြိုးစားနိုင်ရုံမကဘဲ ပရဟိတလုပ်ငန်းများကိုလဲ လုပ်ကိုင်နိုင်သူ၊ ကိုယ်ကျိုးတစ်ခုထဲမကြည့်တတ်သူဖြစ်တာကြောင့် သူမယခုလိုနေရာရောက်နေခြင်း ဖြစ်တယ်လို့စာရေးသူကတော့ ထင်မြင်မိပါတယ်။ အောင်မြင်ပြီး လှပထက်မြက်သော သူမကို အားမကျတဲ့ အမျိုးသမီးရှိပါအုံးမလား။

၅။ တင်မိုးလွင် (Founder of Talents and Models Academy)

မတင်မိုးလွင်ကတော့ Confidence and Elegance Queen ပါဘဲ။  စာရေးသူရဲ့အိုင်ဒေါလ်ကြီးပေ့ါ။  စာရေးသူရဲ့ဘဝမှာအရေးကြီးဆုံး career change ဖို့ခြေလှမ်းတွေကိုနောက်မတွန့်အောင်၊ သံသယကင်းကင်းနဲ့ဖောက်ထွက်နိုင်အောင် တွန်းအားပေးနေခဲ့တာတော့ မတင်မိုးလွင်ရဲ့ဘဝဖြတ်သန်းမှုတွေ အကြောင်းပါဘဲ။ အင်ဂျင်နီယာနဲ့ကျောင်းပြီးခဲ့ပေမဲ့ မော်ဒယ်လ်လောကမှာ စီးပွားရေးအမြင်ရှိရှိနဲ့ နှစ်၃၀ကြာ ရပ်တည်နေနိုင်တဲ့သူမရဲ့အရည်အချင်းကတော့ တကယ်အံ့မခမ်းပါဘဲ။ မြန်မာနိုင်ငံမှာ မထွန်းကားသေးတဲ့ မော်ဒယ်လ်အေဂျင်စီကို စွန့်ဦးတည်ထောင်ခဲ့သူပီပီ ယခုထက်ထိလဲ လှပမှုနဲ့အောင်မြင်မှုအပေါင်း သရဖူဆောင်းထားဆဲပါဘဲ။ လူငယ်တွေဆီ စိတ်ဓာတ်ခွန်အားတွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ၊ ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတွေကို ဆောင်ကျဉ်းပေးနေတဲ့သူမကတော့ လူငယ်တိုင်းလေးစားချစ်ခင်ရတဲ့ အမျိုးသမီး တစ်ဦးဆိုလဲမမှားပါဘူး။ ပတ်ဝန်းကျင်ရဲ့သံသယစကးတွေကြောင့် ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်ဖို့တွန့်ဆုတ်နေတဲ့မိတ်ဆွေတွေအတွက် ယုံကြည်မှုတွေရှိလာအောင် လံှု့ဆော်နိုင်သူတစ်ယောက်ပါ။

၆။ ခရစ္စတီးနာခီ (Director, Founder & CEO of Central Base Productions)

သူမကတော့ မကြာသေးခင်ကမှ လင်းလက်လာတဲ့ကြယ်တစ်ပွင့်ဆိုပေမဲ့ တကယ်ကို အားကျလောက်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ ခေါက်ရိုးကျိုးနေတဲ့ ရုပ်ရှင်လောကကို စစ်မှန်တဲ့ အရည်အချင်းတွေနဲ့ထိုးဖောက်နိုင်ခဲ့သူ၊ တိုက်ခိုက်မှုများစွာကြားထဲကနေ မြန်မာလူမျိုးတွေ သိပ်တောင်းတနေခဲ့တဲ့ အနုပညာရဲ့ အနှစ်သာရကိုချပြနိုင်ခဲ့သူပါဘဲ။ သူမကနေ ရှေ့ဆောင်ပြီး ဒီလို လမ်းဖောက်ပေးခဲ့တဲ့အတွက်ကြောင့် ပိုပြီး ကောင်းမွန်တဲ့အနုပညာတွေကို ခံစားခွင့်ရလာကြတယ်။ လူငယ်ခြေတက်တွေလဲ ဆက်လျှောက်ဖို့အားအင်တွေရှိလာကြတယ်။ သူတို့ရဲ့Idea တွေကို ရဲရဲကြီး ချပြရဲလာကြတယ်။ သူမရဲ့အရည်အသွေးကောင်းမွန်တဲ့ အနုပညာကြောင့် မြန်မာလူငယ်တွေရဲ့စိတ်ထဲမှာ “ငါတို့လဲ ကမ္ဘာကိုရင်ဘောင်တန်းပီး လုပ်နိုင်တဲ့စွမ်းရည်တွေ/ အတွေးအခေါ်တွေရှိပါသေးလား” ဆိုတဲ့ အတွေးမျိုးတွေနဲ့မျှော်လင့်ချက်အလင်းရောင်တွေ ရှင်သန်လာခဲ့ကြတာပါ။

၇။ စုပုံချစ် (မြန်မာနိုင်ငံကိုယ်လက်အင်္ဂါမသန်စွမ်းသူများအသင်း၏ အလုပ်အမှုဆောင်)

အောင်မြင်တဲ့စီးပွားရေးပညာရှင်ကြီး၊ အလှဘုရင်မကြီးတစ်ယောက်မဟုတ်လို့သူမကို အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်မဟုတ်ဘူးလို့မဆိုနိုင်ပါဘူး။ မွေးရာပါမသန်မစွမ်းတစ်ယောက်ဖြစ်ပေမဲ့ သူမဘဝကိုအရံှုးမပေးဘဲ ကိုယ်အင်္ဂါသန်စွမ်းသူတွေထက်တောင် ဘွဲ့ထူးဂုဏ်ထူးတွေ၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ပိုင်ဆိုင်ထားသူပါ။ စာပေပညာမှာထူးချွန်ပြီး နိုင်ငံ့ဂုဏ်ဆောင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမအပေါ် နားမလည်နိုင်ခဲ့တဲ့ လူအဖွဲ့အစည်းမှာ သူ့လို လူတွေအနှိမ်မခံရဖို့အားလုံးတရားမျှတာပီး လွတ်လပ်စွာ ပညာသင်ရဖို့အတွက် သူမဟာ စံပြအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ နည်းနည်းလေးဆို လက်လျှော့်ချင်တဲ့ ကျွန်မတို့တွေ၊ ကိုယ်လက်အင်္ဂါအပြည့်အစုံရှိရက်နဲ့တောင် Reason များစွာနဲ့လွယ်လွယ်အရံှုးပေးတတ်တဲ့ ကျွန်မတို့တွေဟာ သူမနဲ့ယှဉ်ကြည့်လိုက်ရင် ရှက်ဖို့ကောင်းနေပါပြီနော်။ စိတ်ဓာတ်မသန်စွမ်းသေးတဲ့ ကျွန်မတို့အတွက်တော့ သူမက အရမ်းကိုလေးစားအားကျဖို့ကောင်းတဲ့ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ပါဘဲ။

Writer - Joven

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။