မြန်မာအိမ်ဖော်ကို စင်ကာပူလင်မယားကျူးလွန်ခဲ့တဲ့ကြောက်စရာညှဉ်းပန်းနှိပ်စက်မှုများပေါ်ပေါက်လာ

မတ်လ၊ ၄ ရက်၊ ၂၀၁၉

အင်ဒိုနီးရှားလူမျိုး အိမ်ဖော်အမျိုးသမီးကို နှိပ်စက်ညှဉ်းပန်းမှု နဲ့ တရားစွဲခံထားရတဲ့ စင်ကာပူလင်မယားဟာ နောက်ထပ်အမှုတစ်ခုနဲ့ထပ်ပြီးရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ရီရွှန်ဒေသက သူတို့ရဲ့နေအိမ်မှာ မြန်မာအမျိုးသမီးအိမ်ဖော်ကို ညှဉ်းပန်းနှိပ်စက်မှုတွေကျုးလွန်ခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက် ( တနင်္လာနေ့ ) က စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

စွဲဆိုချက်ပေါင်း ခြောက်ခုနဲ့တရားစွဲခံထားရသူ အသက် ( ၄၁ ) နှစ်အရွယ် အိုင်တီမန်နေဂျာ Tay Wee Kiat  ကို ရက်ပေါင်း ၃၁ ရက်ကြာမြင့်တဲ့ ကြားနာမှုတွေပြုလုပ်အပြီးမှာတော့ သူဟာ မြန်မာလူမျိုး အိမ်ဖော်ဖြစ်သူ မမိုးမိုးသန်း ကို တံမြက်စည်းနဲ့တင်ပါးတွေကိုရိုက်နှက်တာတွေ၊ အဝတ်လှန်းတဲ့သံချိတ်နဲ့ခန္ဓာကိုယ်နေရာအနှံ့ကိုရိုက်နှက်တာတွေပြုလုပ်ခဲ့ကြောင်းထင်ရှားတယ်လို့ ခရိုင်တရားသူကြီး မစ္စ အိုလီဗီယာလော က ချမှတ်ခဲ့ပါတယ်။ ပြစ်မှုထင်ရှားကြောင်းတွေ့ရှိရတဲ့အတွက် မစ္စတာ တေ ဟာ နောက်ထပ်စွဲဆိုမှုသုံးခုနဲ့ထပ်ပြီးရင်ဆိုင်ရဦးမှာပါ။

မစ္စတာ တေ ရဲ့ ဇနီးဖြစ်သူ မစ္စ ချာယွန်လင်း ( ၄၃ ) နှစ်ဟာလည်း အလားတူစွဲချက်ပေါင်း ( ၁၅ ) မှုနဲ့ရင်ဆိုင်နေရပါတယ်။ သူမဟာ မြန်မာအိမ်ဖော်ရဲ့ ပါးစပ်ထဲကို ထမင်း နဲ့ သကြားရောထားတဲ့အရည်ပျစ်တွေ အတင်းအကျပ်တိုက်ကျွေးခဲ့ပြီး ပြန်အန်ထွက်လာတဲ့ အန်ဖတ်တွေကို ပြန်စားခိုင်းစေခဲ့တယ်လို့ပေါ်ပေါက်ခဲ့တယ်။ ဒါ့အပြင် အိမ်ဖော်အမျိုးသမီးကို အင်္ကျီမဝတ်စေပဲ အိမ်အလုပ်တွေလုပ်ဖို့စေခိုင်းခဲ့ပြီး အကြောင်းအမျိုးမျိုးရှာ ရိုက်နှက်ခဲ့တယ်လို့စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

မြန်မာအိမ်ဖော်ဖြစ်သူ မမိုးမိုးသန်း ဟာ ၂၀၁၂ ဇန်နဝါရီ ၈ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်အထိ စင်ကာပူလင်မယားအိမ်မှာအလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရပါတယ်။ အဲ့ဒီနောက်မှာတော့ အင်ဒိုနီးရှားအိမ်ဖော် ရဲ့ဖြစ်ရပ်ပေါ်ပေါက်ခဲ့တာပါ။

မမိုးမိုးသန်း ဟာ မြန်မာနိုင်ငံပြန်ရောက်ပြီး လအနည်းငယ်အကြာမှာ အဆိုပါလင်မယားကို တရားစွဲဆိုမှုတွေပြုလုပ်ဖို့ စင်ကာပူကို ပြန်သွားခဲ့ပါတယ်။ သူမကို Khoo Teck Puat ဆေးရုံမှာစစ်ဆေးတဲ့အခါ လက်ဖျံ၊ ခါး နဲ့ တင်ပါးပေါ်က အကင်းမသေသေးတဲ့ဒဏ်ရာတွေ၊ အမာရွတ်တွေကို တွေ့ရှိခဲ့ရပါတယ်။

မမိုးမိုးသန်း ရဲ့ လစာဟာ စင်ကာပူဒေါ်လာ ၄၀၀ ဖြစ်ပြီး ပိတ်ရက်မရှိတဲ့အတွက်အပို စင်ကာပူဒေါ်လာ ၂၀ ကို ထပ်ရမှာပါ။ ဒါပေမယ့် သူမလုပ်ကိုင်ခဲ့တဲ့ ( ၁၀ ) လအတွက် လစာတွေကိုလည်း မရပါဘူး။
ပြီးခဲ့တဲ့ နှစ်က ခရိုင်တရားရုံးကနေ အင်ဒိုနီးရှားအိမ်ဖော်အပေါ်နှိပ်စက်မှုကျုးလွန်ကြောင်း တွေ့ရှိရတဲ့အတွက် မစ္စတာ တေ ကို ထောင်ဒဏ် ၂၈ လကနေ ၄၃လ အထိတိုးမြှင့်ချမှတ်ခဲ့ပါတယ်။ အလားတူ အမျိုးသမီးဖြစ်တဲ့ မစ္စ ချား ဟာလည်း ထောင်ဒဏ် ၂ လအထိချမှတ်ခံရတော့မှာပါ။

လက်ရှိမှာတော့ မစ္စတာ တေ နဲ့ မစ္စ ချား တို့ဟာ စင်ကာပူဒေါ်လာ ၁၅၀၀၀ စီနဲ့အာမခံရထားပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ နောက်ထပ်စွဲချက်တွေ၊ ကြားနာမှုတွေကို ရင်ဆိုင်ဖို့အတွက် မတ်လ ၁၈ ရက်နေ့ကျရင် တရားရုံးကိုပြန်လာရဦးမှာပါ။

သူတို့နှစ်ယောက်စလုံးဟာ အင်ဒိုနီးရှားနိုင်ငံ ဂျိုဟိုးဒေသကို ခရီးထွက်ခွင့်တောင်းထားပေမယ့် ခရိုင်တရားသူကြီး မစ္စအိုလီဗီယာလော က ပယ်ချခဲ့ပါတယ်။

Gabriel
Source – todayonline.com.sg

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။