စင်ကာပူနိုင်ငံရဲ့ သင်္ချိုင်းထဲက မြန်မာလူမျိုးတွေရဲ့ ဘ၀

မတ် ၈ ၂၀၁၉၊ သောကြာနေ့၊ စင်ကာပူ

စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင် ( ICA ) က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ စင်ကာပူနိုင်ငံရဲ့အကြီးဆုံးသုဿာန်ဖြစ်တဲ့ ချွာချုကန်သုဿာန်ထဲမှာ နေထိုင်နေတဲ့ တရားမဝင်မြန်မာနိုင်ငံသား ၆ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ် လို့သတင်းထုတ်ပြန်ခဲ့တယ်။

အာဏာပိုင်တွေဟာ အနီးအနားဒေသခံတွေရဲ့ပြောကြားချက်အရ ချွာချုကန်ကို မနက်အစောပိုင်းမှာ ဝင်ရောက်ရှာဖွေခဲ့တယ်။ မြန်မာလူမျိုးလို့ ယူဆရတဲ့အမျိုးသားတစ်ယောက်ဟာ သူတို့ကိုမြင်ပြီးထွက်ပြေးခဲ့ပေမယ့် အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်။

ဖမ်းဆီးရမိတဲ့သူက ဦးဆောင်ပြီး သူတို့တွေနေထိုင်တဲ့နေရာကိုလိုက်ပြတယ်။ အာဏာပိုင်တွေမြင်ရတာတော့ အုတ်ဂူတွေကြားထဲမှာ ရွက်ဖျင်တဲသာသာ နေရာကျဉ်းကျဉ်းလေးရယ်၊ စုပြုံသိမ်းဆည်းထားတဲ့ အဝတ်အစား၊ အသုံးအဆောင်တွေနဲ့ နောက်ထပ် မြန်မာနိုင်ငံသား ၅ ဦးကိုထပ်ပြီး ဖမ်းဆီးရမိခဲ့တယ်။

သူတို့ ( ၆ ) ယောက်စလုံးရဲ့ နေထိုင်ခွင့်တွေဟာ သက်တမ်းကျော်လွန်နေတာကြောင့် အာဏာပိုင်တွေက တရားမဝင်နေထိုင်မှုနဲ့ ထိန်းသိမ်းလိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ အသက် ၂၄ နှစ်ကနေ ၄၂ နှစ်ကြားတွေဖြစ်ပြီး သူတို့ထဲက တစ်ချို့ဟာ သုဘရာဇာအဖြစ်လုပ်ကိုင်နေသူတွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အထွေထွေအလုပ်သမားတွေပါ။

ဖမ်းဆီးခံမြန်မာ ( ၆ ) ယောက်ကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ လောက်ကတည်းက မြန်မာနိုင်ငံသားအများစုဟာ တခြားနိုင်ငံတွေကိုထွက်ပြီးအလုပ်လုပ်ကြတယ်။ အကြောင်းရင်းကတော့ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်အားနဲ့ထိုက်တန်တဲ့လခလုံလုံလောက်လောက်မရခြင်း၊ ခေါင်းပုံဖြတ်ဖိနှိပ်မှုတွေရှိခြင်း နဲ့ တခြားနိုင်ငံမှာအလုပ်လုပ်ရတာဟာ ဒီမှာထက်ပိုပြီးတန်ရာတန်ကြေးရသလို၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်းပေါများတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် အပြင်ထွက်အလုပ်လုပ်ကိုင်တဲ့သူထဲက အများစုဟာ မှန်းထားတဲ့အလုပ်အကိုင်၊ ငွေကြေးတော့မရကြပါဘူး။ အကြောင်းက သူတို့တွေဟာ သတ်မှတ်ထားတဲ့ စံပညာရေးလုံလောက်မှုမရှိတာကြောင့်ဖြစ်ပါတယ်။ အနည်းငယ်သော မြန်မာလူမျိုးတွေသာ အိုင်တီ၊ လျှပ်စစ် ဆောက်လုပ်ရေး နဲ့ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်း တွေမှာအလုပ်အကိုင်ရပါတယ်။

မှန်းထားတဲ့ ပိုက်ဆံစုဖို့နဲ့ အေဂျင်စီ ကနေ ချေးထားတဲ့ပိုက်ဆံပြန်ကျေဖို့ အာရုံစိုက်ရတဲ့အခါ တခြားစရိတ်တွေကိုတတ်နိုင်သလောက်လျှော့ချရတဲ့အတွက် ဒီလိုမျိုးအဖြစ်တွေများပြားလာတာပါ။

စင်ကာပူမှာနေထိုင်ရတာဟာ သိပ်ပြီးလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ လူနေမှုအဆင့်အတန်းကွာခြားသလို နေထိုင်စားသောက်မှုစရိတ်ကလည်း ကြီးမြင့်လွန်းတဲ့အတွက် အပြင်ထွက်ပြီး ရေကြည်ရာမြက်နုရာရှာချင်သူတွေအတွက်တော့ စင်ကာပူနိုင်ငံရဲ့ သုဿာန်တွေက အဖြေတစ်ခုဖြစ်လာပါတယ်။

Gabriel
Source – The Straits Time

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။