စားတော်ပဲပြုတ် ဘယ်လိုပြုတ်မလဲ

ထမင်းဆီဆမ်းလေးပဲဖြစ်ဖြစ်၊ နံပြားနဲ့ တွဲစားဖို့ပဲဖြစ်ဖြစ် စွယ်စုံသုံးလို့ ရတဲ့ 

ရွှေမြန်မာတွေအကြိုက် ပဲပြုတ်ကို ကိုယ်တိုင်ပြုတ်စားချင်တဲ့သူတွေအတွက် နည်းစနစ် အဆင့်ဆင့်ကို We ရဲ့ ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

အထူးသဖြင့် ပည်ပရောက် မြန်မာတွေအဖို့ မြန်မာပြည် အလွမ်းပြေ စားတော်ပဲပြုတ် စားရဖို့ ဆိုတာ လွယ်တော့မလွယ်ဘူးရယ်..စားတော်ပဲအစိမ်းရနိုင်ပေမယ့် ပြုတ်နည်းမမှန်တော့ စားလို့ကောင်းမှာမဟုတ်ပါဘူး။

ပြည်ပရောက် မြန်မာတွေ အိမ်မှာပဲ အချိန်တိုတိုနဲ့ စားလို့ရမယ့် နည်းလေးကို အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်...

(1) စားတော်ပဲအစိမ်း ၁ကီလို ကို ပဲညံ့တွေကိုရွေးဖယ်ပြီး ရေ ၃/၄ ထပ်လောက်ဆေးပြီး ပဲကို ရေမြုပ်တဲ့အထိထည့်ပါ..အဲ့ဒီထဲကို စားဆော်ဒါ လက်ဘက်စားဇွန်း တစ်ဝက်ထည့်ပြီး နှံ့အောင်မွှေပြီး ၆နာရီ လောက် ရေစိမ်ထားပါ

(2)၆နာရီ စိမ်ပြီးပြီဆို ရေတွေအားလုံး သွန်ပစ်ပြီး ပဲတွေကို ရေတစ်ထပ် ထပ်ပြီးဆေးပါ..ပဲညစ်လေးတွေ ရွေးထုတ်ပါ..နောက် သန့်စင်တဲ့ အဝတ်ကို ရေစွတ်ပြီး ပဲတွေကို ထည့်ထားပြီး ဇကာပေါက်ပါတဲ့ ဇကာနဲ့ပဲထုတ်ကို ထည့် တစ်ညလောက် ထားလိုက်ပါ..

(3) နောက်ရက် မနက်ရောက်ပြီဆိုတာနဲ့ ပဲထုပ်လေးကိုဖွင့်ကြည့်လိုက်ပါ..အညောှင့်လေးတွေ ပေါက်နေပါပြီ..အညှောင့်(အစို့) ရှည်ရှည်လိုချင်ရင်တော့ နောက်တစ်ရက်လောက် ရေစိုဝတ်နဲ့ထုတ်ထားပါ..

(4) အစို့ပေါက်နေတဲ့ ပဲလေးတွေကို အိုးတစ်လုံးထဲ ပဲမြုပ်တယ်ဆိုရုံရေထည့်ပြီး ထန်းလျက်ခဲလေး နှစ်ခဲနဲ့ ဆီလေးအနည်းငယ်လည်းထည့်လိုက်ပါတယ်..ထန်းလျက်မရှိရင် မထည့်လည်း ရပါတယ်..အဲ့ဒီနောက် မီးအေးအေးထားပြီး ပြုတ်ပါတယ်...ပဲဆူလာရင် အပေါ်ယံအခွံလေးတွေ ကျွတ်တတ်ပါတယ်..ဒါပေမယ့် လုံးဝ(လုံးဝ)မမွှေပေးပါနဲ့ ..အိုးကိုသာ အနည်းငယ်လှုပ်ပေးပါ...ပဲတွေကျက်ပြီဆို ရေလည်းခမ်းသလို ပဲလည်းနူးနေပါပြီ..

(5) နောက်ဆုံးအဆင့်မှာတော့ ပြုတ်ပြီးသားပဲကို အပူခံ 

ဇကာထဲကိုထည့်ပြီး အောက်ဘက်က ရေဖြူထည့် အပေါ်က ဇကာထဲပဲထည့်ပြီး ၁၅မိနစ် ခန့် ပြန်ပေါင်းပါတယ်..ဒါဆို နူးညံ့အိထွေးနေတဲ့ မြန်မာပြည်က ပဲပြုတ်ပူပူလေး ရလာပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။