တီချယ်လေး ချမ်းမြမြသော် ပြောပြတဲ့ ဘီလူးခေါင်း နဲ့ မင်းသားလေးများ

အခုတလော ကိုရီးယားနိုင်ငံမှာ အနုပညာရှင် အချို့ရဲ့ အရှုပ်တော်ပုံတွေကို သက်ဆိုင်ရာကနေ ထိထိရောက်ရောက် စစ်ဆေးအရေးယူနေပါတယ်။ အရှုပ်တော်ပုံရဲ့ အစကတော့ နာမည်ကြီး ယောကျာ်းလေး အဆိုတော် အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင် တစ်ယောက် ပိုင်ဆိုင်တဲ့ ကလပ်မှာ ခိုက်ရန် ဖြစ်ပွားတဲ့ ကိစ္စကို စုံစမ်းစစ်ဆေးရာကနေ စတင်တာပဲ ဖြစ်ပါတယ်။ ဒီ ကလပ်ထဲမှာ ရန်ဖြစ်တဲ့ အမှုကို ရဲက စုံစမ်းရာကနေ ကလပ် ဦးစီးသူ ဖြစ်တဲ့ အဆိုတော်ရဲ့ တရားမဝင် လှုပ်ရှားမှုတွေကို သဲလွန်စ ရှာဖွေတွေ့ရှိတာပဲ ဖြစ်ပါတယ်။ ဆွန်းနီ(승리)လို့ အမည် ရတဲ့ Big Bang အဖွဲ့ရဲ့ ဒီ အဆိုတော်ဟာ မိမိရဲ့ ကိုယ်ပိုင် ဝင်ငွေနဲ့ လုပ်ငန်းပေါင်း များစွာကို တည်ထောင်ခဲ့ပါတယ်။ ဒါကြောင့် တီဗီပရိုဂရမ်တွေမှာ သူ ဘယ်လောက် စီးပွားရေး အမြင် ရှိပြီး၊ ဝင်ငွေကောင်းကြောင်းကိုလည်း ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်ပြောလေ့ ရှိပါတယ်။ သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ ကလပ် ဖွင့်ခြင်းလည်း ပါဝင်နေပါတယ်။ မကြာသေးမီက ဒီ ကလပ်မှာ ရန်ဖြစ်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး ရဲဌာနက ဒီအမှုကို စုံစမ်းရာကနေ ဒီ ကလပ် စီးပွားရေးရဲ့ နောက်ကွယ်မှာ ရှိတဲ့ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို တစ်ခုချင်း ရှာဖွေ တွေ့ရှိလာခဲ့ပါတယ်။ ဒီ အဆိုတော်ဟာ ကလပ်ကို အကြောင်းပြပြီး ပြည့်တန်ဆာ လုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်နေခဲ့တာဟာ လေးနှစ်ကျော် ငါးနှစ်ခန့် ရှိခဲ့ပြီ ဖြစ်တယ်လို့ ရဲဌာနက မနေ့ည သတင်းမှာ ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါ့အပြင် ဆွန်းနီဟာ နိုင်ငံခြားက ဥပဒေမဲ့ လောင်းကစားဝိုင်းကြီးတွေမှာ နှစ်ရှည် ပါဝင်ကစားနေခဲ့ပြီး၊ မူးယစ်ဆေးဝါး ရောင်းချမှုကိုလည်း လုပ်ဆောင်နေခဲ့တယ်လို့လည်း ထပ်မံ သိရှိရပြီး ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရဲဌာနကနေ ဒီအမှုကို စစ်ဆေးရာက တစ်ဆင့် သူနဲ့ ပတ်သက်နေတဲ့ အခြားသော အနုပညာရှင်တွေရဲ့ မသင်္ကာဖွယ် လုပ်ရပ်တွေကိုလည်း ဆက်လက် စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။


သံသယ ရှိတဲ့ အနုပညာတွေရဲ့ လက်ကိုင်ဖုန်းထဲမှာ ကိုရီးယားနိုင်ငံသုံး ဆက်သွယ်ရေး အက်ပလီကေးရှင်း တစ်ခု ဖြစ်တဲ့ ကာကာအိုတော့ခ်(Kakao Talk: 카카오톡)ဆိုတဲ့ ပရိုဂရမ် ရှိပါတယ်။ ဒီ အက်ပလီကေးရှင်းထဲမှာ ဂရုချက်တင် အဖွဲ့ တစ်ခု ရှိနေခဲ့ပြီး စုစုပေါင်း မန်ဘာ ၈ရောက် ပါဝင်နေပါတယ်။ ရဲဌာနမှ သက်ဆိုင်သူတို့ဟာ သူတို့ရဲ့ ဖုန်းကို စစ်ဆေးစဉ်မှာ ဂရုချက်တင်ထဲမှာ ရှိတဲ့ အဆိုတော် ဂျောင်းဂျွန်းယောင်း(정준영)ရဲ့ တရားဥပဒေကို ချိုးဖောက်ထားတဲ့ လုပ်ရပ်တွေကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုတော် ဂျောင်းဂျွန်းယောင်းကတော့ သမီးရည်းစား ဟန်ဆောင်ပြီး မိန်းကလေးတွေနဲ့ တွဲသွားတွဲလာ လုပ်ကာ အဲဒီ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံတဲ့ အခါမှာ အမျိုးသမီးတွေ မသိအောင် ဗီဒီယို ခိုးယူရိုက်ကူးခဲ့ပြီး ဒီ ဖိုင်တွေကို သူငယ်ချင်းတွေဆီကို ပေးပို့တဲ့ လူမဆန်တဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ပါတယ်။ အထူးသဖြင့် ဗီဒီယို ရိုက်ကူးပြီး အခြား အမျိုးသားတွေဆီကို ပေးပို့တာအပြင် မိန်းကလေးတွေကို နှိမ်ချတဲ့ အသုံးအနှုန်းတွေကို သုံးနှုန်းထားတာကို ရဲဌာနမှ ပြန်လည်တင်ပြပေးထားပါတယ်။ သက်ငယ် မိန်းကလေးတွေကို ဖြားယောင်းပြီး အိပ်ဆေး တိုက်ပြီး ရာဇဝတ်မှုကို ကျူးလွန်ခဲ့သလို၊ နှစ်ဦးသဘောတူ လိင်ဆက်ဆံတဲ့ အခါမှာလည်း ဗီဒီယို ခိုးယူ ရိုက်ကူးပြီး ဒီ ဖိုင်တွေကို အများသူငါဆီ ပို့တဲ့ လုပ်ရပ်ဟာ အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ် တစ်ခုပဲ ဖြစ်ပါတယ်။ သူ ပြစ်မှု ကျူးလွန်တဲ့ မိန်းကလေးပေါင်း ၁၀ယောက်ကျော် ရှိတယ်လို့ ရဲဌာနက အတည်ပြု ကြေညာထားပါတယ်။


အရှုပ်တော်ပုံက ဒီမှာတင် မပြီးသေးပါဘူး။ ဒါဆိုရင် ဒီ အဆိုတော် ဂျောင်းဂျွန်းယောင်းဟာ ဒီ ဗီဒီယိုတွေကို ဘယ်သူနဲ့ အပေးအယူလုပ်နေသလဲဆိုတာကို ဆက်ပြီး စစ်ဆေးစုံစမ်းဖို့ လိုလာပါတယ်။ ရဲဌာနရဲ့ စုံစမ်းချက်အရ ဒီ ဂရုထဲမှာ ဒုတိယ ဂျောင်းဂျွန်းယောင်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒီ ဂရုထဲမှာ ဂျောင်းဂျွန်းယောင်းနဲ့ အတူ မိန်းကလေးတွေကို နှိမ်ချ ပြောဆိုတဲ့ အသုံးအနှုန်းများ၊ နားနှင့် မနာနိုင်တဲ့ ရိုင်းစိုင်းယုတ်မာတဲ့ အသုံးအနှုန်းတွေနဲ့ လိင်ဆက်ဆံခြင်း ဗီဒီယိုတွေကို အပေးအယူ လုပ်နေခဲ့သူတွေကတော့ FT Island အဖွဲ့ရဲ့ အဆိုတော် ချွဲဂျုံးဟွန်း(최종훈)နဲ့ CN Blue အဖွဲ့ရဲ့ အဆိုတော် အီဂျုံးဟျောင်း(이종현)တို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် FT Island အဖွဲ့ရဲ့ အဆိုတော် ချွဲဂျုံးဟွန်းနဲ့ CN Blue အဖွဲ့ရဲ့ အဆိုတော် အီဂျုံးဟျောင်းဟာဆိုရင် ချောမောတဲ့ ရုပ်ရည်၊ နူးညံတဲ့ ကိုယ်ဟန်အမူအယာတို့နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ နာမည်ကြီး ကေပေါ့ပ် အဆိုတော်တွေ ဖြစ်ပေမယ့် ဂရု ချက်တင်ထဲမှာ သုံးနှုန်းထားတဲ့ သူတို့ရဲ့ အပြောအဆိုတွေဟာ အင်မတန် စက်ဆုပ်ဖွယ်ကောင်းလှပါတယ်။ အဆိုးဆုံးကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်လေးတွေကို ပစ်မှတ်ထားပြီး ကစားလို့ ကောင်းမယ့် ဟာတွေ၊ အစ်ကို မစားရသေးတဲ့ ကောင်မတွေ ရှိရင် မိတ်ဆက်ပေးပါ စသဖြင့် ပြောဆိုသုံးနှုန်းထားတာဟာ မယုံကြည်နိုင်လောက်အောင် ဆိုးရွားတဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။ ရဲဌာနကတော့ သူတို့ အားလုံးရဲ့ အပြစ်တွေကို လူသိရှင်ကြား ကြေညာထားပြီး ဖြစ်ပြီး ဆက်လက်ပြီး စစ်ဆေးနေဆဲဖြစ်ကာ ကိုရီးယားနိုင်ငံရှိ လူထုကလည်း ဒါကို ပြင်းပြင်းထန်ထန် အရေးယူ ကိုင်တွယ်ဖို့ အချိန်နဲ့အမျှ စောင့်ကြည့်နေကြပါတယ်။ စစ်ဆေးနေတုန်း ဖြစ်တာမို့ အပြစ်ဒဏ် ချမှတ်ဖို့ကိုတော့ ဆက်လက် စောင့်စားရဦးမှာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံဟာ ဒီမိုကရေစီ ရရှိပြီး နိုင်ငံ တစ်ခု ဖြစ်တာမို့ အရေးကိစ္စ တစ်ခု ပေါ်လာတဲ့အခါ ပြည်သူကလည်း ပြည်သူ့အသံကို မြှင့်ပြီး အမှားကို ဖယ်၊ အမှန်ကို ထောက်ခံနိုင်တဲ့ ဥပဒေကောင်း ရှိတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အားလုံးဟာ အခုအချိန်မှာ ရဲ စစ်ဆေးမှုကို ခံယူနေရပြီး မိမိတို့ရဲ့ အဖွဲ့ အသီးသီးကနေ နှုတ်ထွက်သလို၊ အနုပညာလောကမှလည်း နှုတ်ထွက်ကြောင်းကို ကြေညာထားကြပါတယ်။ အခုလို အနုပညာကို ဗန်းပြပြီး၊ မျက်နှာလှလှ အသံချိုချိုလေးတွေရဲ့ နောက်ကွယ်မှာ ဘီလူးခေါင်းဆောင်းထားတဲ့ ဒေါင်းယောင်ဆောင်သော ကျီးတွေကို လုံး၀ မသက်ညှာဘဲ ထိုက်တန်တဲ့ အပြစ် ပေးဖို့ကို ပြည်သူတွေ ပါဝင်လှုပ်ရှားကြတာဟာ ကောင်းမွန်တဲ့ လူထူပတ်ဝန်းကျင် တစ်ခု ဖြစ်စေမယ့် မှန်ကန်တဲ့ လုပ်ရပ် တစ်ခုဖြစ်တယ်လို့ ယူဆမိပါတယ်။

သို့သော် လက်ရှိ ကိုရီးယားနိုင်ငံမှာ နေထိုင်နေပြီး၊ ကိုရီးယား စကားကို ကောင်းမွန်စွာ နားလည်တဲ့ ကျွန်မ အနေနဲ့ လက်ရှိ ကိုရီးယားနိုင်ငံတွင်း ရှိ ဒီ အရှုပ်တော်ပုံရဲ့ လေးနက်မှုနဲ့ သူတို့ လူမျိုးတွေရဲ့ သမာသမတ်ကျတဲ့ ရပ်တည်မှုကို လေးစားမိပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံ အပါအဝင်နဲ့ အခြားသော နိုင်ငံရပ်ခြားက ကေပေါ့ပ်ပရိသတ် အချို့ရဲ့ မှားယွင်းနေတဲ့ ခံယူချက်တွေကို တွေ့မြင်မိပါတယ်။ ဒါကတော့ မိမိ ကြိုက်နှစ်သက်တဲ့ အဆိုတော်၊ အနုပညာရှင် ဖြစ်နေတာမို့ အနုပညာလောကကနေ နှုတ်ထွက်တာကို စိတ်မကောင်း ဖြစ်လိုက်တာဆိုတာမျိုး၊ ဘယ်လိုပဲဖြစ်ဖြစ် ပန်းခင်းလမ်းကို နင်းနိုင်ဖို့ ဆုတောင်းနေတယ်ဆိုတဲ့ သူတို့ရဲ့ သီချင်းစာသားတွေကို အသုံးပြုပြီး ကြိုဆိုမှုတွေ လုပ်နေတာမျိုးတွေ တွေ့ရှိရတာဟာ အင်မတန် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ပါတယ်။ ကျွန်မတု့ိဟာ အနုပညာသည်တွေကို ချစ်မြတ်နိုးနိုင်ပါတယ်။ အားပေးနိုင်ပါတယ်။ သို့သော် ကိုယ် ချစ်တဲ့ အနုပညာသည် ဖြစ်နေတာနဲ့ သူတို့ ဘယ်လို လုပ်ရပ်ပဲ ကျူးလွန်ကျူးလွန်၊ ဘယ်လို ဆိုးရွားတဲ့ စာရိတ္တ ဖောက်ဖျက်မှုမျိုးကိုပဲ လုပ်လုပ် မျက်စိပိတ်၊ နားပိတ်ပြီး သူတို့ကို အားပေးထောက်ခံရမယ်ဆိုတာကတော့ မှားပါတယ်။ ဘယ်လို လူမျိုးပဲ ဖြစ်ပါစေ တရားဥပဒေနဲ့ ညိစွန်းတဲ့ ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့ရင်တော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူရပါမယ်။ အခုလို အနုပညာနဲ့ အောင်မြင်နေပြီး ငွေကြေးပြည့်စုံပြီး၊ ကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်ထားပါရက်နဲ့ မိန်းကလေးတွေအပေါ် စာနာမှု မရှိဘဲ သရော်လှောင်ပြောင်ပြီး ရာဇဝတ်မှု ကျူးလွန်တဲ့ အနုပညာသည်တွေကို ဘာဖြစ်ဖြစ် အားပေးထောက်ခံနေမယ်၊ သနားလိုက်တာဆိုတာကတော့ အဆိပ်ပင်ကို ရေလောင်းတာနဲ့ တူပါတယ်။ အရင်က မသိလို့ ကြိုက်နိုင်၊ ချစ်နိုင် အားပေးနိုင်ပေမယ့် အခုလို လူသိရှင်ကြား သူတို့ရဲ့ လုပ်ရပ်တွေ ပေါ်ထွက်လာပြီး နောက်မှာတောင် အနုပညာ လောကက နှုတ်ထွက်လို့ သနားလိုက်တာဆိုတာမျိုးက မှန်ကန်တဲ့ ထောက်ခံမှုမျိုး မဟုတ်ဘူးဆိုတာ သဘောပေါက်ရပါမယ်။

တကယ်တော့ သူတို့ဟာ အနုပညာလောကကနေ မိမိတို့ သဘောနဲ့ နှုတ်ထွက်တာ မဟုတ်ပါဘူး။ သူတို့ ကျူးလွန်ထားတဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေကို လူအများ ရှေ့မှာ ဗွင်းဗွင်း ပေါ်သွားတဲ့အတွက် လူပုံအလယ်မှာ ဆက်ပြီး ရပ်တည်ခွင့်ကို မရတော့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းချခြင်း၊ ပြည့်တန်ဆာ လုပ်ငန်း လုပ်ဆောင်ခြင်း၊ ပြည့်တန်ဆာများနဲ့ ပျော်ပါးခြင်း၊ မိန်းကလေးငယ်တွေရဲ့ ဘဝကို ဖျက်ဆီးပြီး မိမိတို့ရဲ့ သာယာမှုကို ရှာဖွေခြင်း စတာတွေဟာ လောကနီတိကို ဖောက်ဖျက်နေတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေ ဖြစ်သလို၊ ဘာသာရေးအရလည်း လုံး၀ မသင့်လျော်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီလို စာရိတ္တ ရှိတဲ့ လူတွေကို သနားလိုက်တာ၊ ဒီလို မဖြစ်သင့်ပါဘူး၊ ညှာတာသင့်တယ်ဆိုတဲ့ စိတ်ဓာတ်အတွေးအခေါ်တွေဟာ လက်ရှိ လူနေမှု ပတ်ဝန်းကျင်ကို ပိုမို ညစ်ညမ်းစေတဲ့ ထောက်ခံအားပေးမှုတွေပဲ ဖြစ်ပါတယ်။ အပြစ် ရှိသူဟာ အပြစ်ဒဏ်ကို ခံယူရပါမယ်။ အပြစ် ရှိသူကို အပြစ်ဒဏ် ပေးရမှာကလည်း လောကရဲ့ သဘာ၀ တစ်ခုပဲ ဖြစ်ပါတယ်။ ဒါမှသာ တရားမျှတတဲ့ ကျွန်မတို့ရဲ့ လူသား လူနေမှု ပတ်ဝန်းကျင် တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီ ဖြစ်ရပ်ကနေ တစ်ဆင့် သင်ခန်းစာ ယူစရာ အချက် နှစ်ချက်ကို ဆက်လက် တင်ပြချင်ပါတယ်။ နံပါတ်တစ်ကတော့ အထက်က ပြောခဲ့သလို အပြစ် ရှိသူကို အပြစ်ပေးတာဟာ တရားသော၊ မှန်ကန်သော လုပ်ရပ် ဖြစ်ကြောင်းနဲ့ သာယာလှပတဲ့ လောက ပတ်ဝန်းကျင်ကို တည်ဆောက်ဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ထောက်ခံမှုတို့ လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် သာယာလှပဖို့ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ကျွန်မတို့ လူသား တစ်ဦးချင်းစီရဲ့ မှန်ကန်တဲ့ ထောက်ခံမှုတို့ လိုအပ်ပါတယ်။ နံပါတ်နှစ်ကတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲကြတဲ့ ကိုကိုတွေ မောင်မောင်တွေထဲမှာ နှုတ်ခမ်းနီမလေးတွေကို တန်ဖိုးမထား ဖျက်ဆီးဖို့ ဝန်မလေးတဲ့ လူတွေ အများကြီး ရှိတယ်ဆိုတာကို သိရှိနားလည် ဆင်ခြင်ဖို့ပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေသာမက မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာပါ ဒေါင်းယောင် ဆောင်သော ကျီးတွေ အများကြီး ရှိနေပြီး သူတို့ရဲ့ မာယာ တစ်ကွက်မှာ မိမိတို့ရဲ့ အရှက်၊ သိက္ခာနဲ့ ဘဝကိုပါ ပေးဆပ်လိုက်ရနိုင်ချေတွေ ရှိတယ်ဆိုတာကို ကျွန်မ ဆောင်းပါးကို ဖတ်နေမယ့် သမီးငယ်များ၊ ညီမငယ်များ အထူး သိရှိနားလည်ဖို့ လိုပါတယ်။ လူ့ရဲ့ စိတ်ဆိုတာဟာ အပြင်ပန်းနဲ့တင် မမြင်နိုင်သလို၊ အပြင်ပန်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့လည်း မရနိုင်ပါဘူး။ ထဲထဲဝင်ဝင် သိရှိပြီး တစ်ဦးပေါ် တစ်ဦး မေတ္တာစစ်နဲ့ ပွေ့ဖက်နိုင်မယ့် လူမျိုးကို တွေ့မှသာ မိမိရဲ့ အရှက်ကို ပေးကြဖို့ လိုကြောင်း သတိပေးပြောကြားလိုပါတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာတွေ တိုးတက်လာပြီး နောက်ပိုင်း အင်တာနက်ကနေ တစ်ဆင့် သမီးရည်းစား ရှာခြင်း၊ ချစ်သူရည်းစား ထားခြင်း စတာတွေကို ရှောင်ကြဖို့ လိုပြီး မိမိ ဘဝကို လုံခြုံအောင် မိမိ ကိုယ်တိုင်က ပိုမို တင်းကြပ်စွာ စောင့်ရှောက်သင့်ကြောင်း အသိပေး တင်ပြလိုက်ပါတယ်။

မိန်းမကောင်းလေးများရဲ့ ဘဝတိုင်း သာယာကြပါစေ။

မှတ်ချက်အနေဖြင့် 승리(Seung Ri) ကို ကိုရီးယား အသံထွက် စစ်စစ်နဲ့ ဆွန်းနီလို့ အသံထွက်ရပါတယ်။ ကိုရီးယားဘာသာဗေဒရဲ့ ထူးခြားချက်အရ င ဗျည်းနဲ့ ရ ဗျည်း တွေ့တဲ့အခါ န အသံ ပြောင်းပြီး အသံထွက်ရပါတယ်။ ဆွန်းရီ၊ ဆန်းရီလို့ ဘာသာပြန် အသံထွက်တာကတော့ အင်္ဂလိပ်နာမည် စာလုံးပေါင်းအတိုင်း တိုက်ရိုက်ထွက်တာကြောင့် ဖြစ်ပါတယ်။ အသံထွက် အစစ်က ဆွန်းနီ ဖြစ်ပါတယ်။

Gabriel

( ကိုရီးယားရောက် မြန်မာတီချယ်လေး ချမ်းမြမြသော် ရဲ့ ကိုယ်ပိုင် Page ကနေ ကူးယူဖော်ပြပါတယ်။ အမျိုးသမီးထု တစ်ရပ်လုံးအတွက် တန်ဖိုးရှိသော စကားစု၊ ဆောင်းပါးဖြစ်တဲ့အတွက် Teacher Chan Chan ကို ကျွန်တော်တို့ WE Media ကနေ ကျေးဇူးအထူးပဲတင်ရှိပါတယ် )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။