ဂျပန်နိုင်ငံမှာ Hello Kitty ရထားလေး စီးကြမယ်

Hello Kitty ချစ်သူတွေကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ Hello Kitty Theme ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်လေးတွေလည်း အနှံ့အပြား ပေါ်ပေါက်လာပါတယ်။ ဒါပေမဲ့ အခုတစ်ခါ ထူးထူးခြားခြားပေါ်ပေါက်လာတာကတော့ Hello Kitty ရထားပဲဖြစ်ပြီး Hello Kitty စတင် မြစ်ဖျားခံရာ ဂျပန်နိုင်ငံမှာလည်း ပြေးဆွဲနေပါပြီ။


Hello Kitty-Themed ရထားကို ဂျပန်နိုင်ငံမှာရှိတဲ့ Sanyo Shinkansen ရထားလိုင်းက ပြေးဆွဲခဲ့တာပါ။ အဲဒီရထားလိုင်းကို ၂၀၁၈ ခုနှစ်၊ ဇွန်လကစလို့ ရထားရှစ်စီးနဲ့ စတင်ပြေးဆွဲခဲ့ပါတယ်။


Hello Kitty-Themed နဲ့ Sanyo Shinkansen ရထားလိုင်းဟာ တောင်ပိုင်း Fukuoka မြို့ကနေ Honshu ကျွန်းပေါ်က Osaka မြို့ကြီးရဲ့ ကြား ကီလိုမီတာ ၆၀၀ ခန့် ပြေးဆွဲမောင်းနှင်တာဖြစ်ပြီး အချိန် ၃ နာရီခွဲ ကြာမြင့်ပါတယ်။


အဲဒီရထားဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Hello Kitty ရထားမဟုတ်ပါဘူး။ Hello Kitty-Themed ရထားကို ပထမဆုံးပြေးဆွဲခဲ့တာကတော့ ထိုင်ဝမ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံက အဲဒီရထားလေးကတော့ ပန်းရောင်ကို ပိုသုံးထားပြီး Hello Kitty ပိုဆန်ပါတယ်။


ပထမဆုံးတွဲကို Hello! Plaza လို့ခေါ်ဝေါ်ပြီး ခရီးသည်ထိုင်စရာခုံတွေ မပါဝင်ပါဘူး။ အဲဒီမှာ Hello Kitty အသုံးအဆောင်လေးတွေ ထည့်သွင်းထားပြီး လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ယူရရှိနိုင်ပါတယ်။


ဒုတိယတွဲမှာကတော့ လူအရွယ်အစားရှိတဲ့ Hello Kitty ရုပ်နဲ့ ဓာတ်ပုံရိုက်စရာနေရာလေးကို ဖန်တီးပေးထားတာကြောင့် Hello Kitty ချစ်သူတွေ အကြိုက်တွေ့ကြမှာ သေချာပါတယ်။


Hello Kitty ရထားလေးဟာ အများပြည်သူသုံး ဂျပန်ရထားလိုင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် ပုံမှန်ရထားစီးနင်းခကလွဲရင် ထပ်ဆောင်းအပိုငွေပေးစရာမလိုပါဘူး။ ကဲ အဲဒါကြောင့် Hello Kitty ချစ်သူတွေ ဂျပန်ကိုရောက်တဲ့အခါ စီးဖြစ်အောင် သွားစီးလိုက်ပါနော်။

Ref; BuzzFeed

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။