အကယ်ဒမီပေးပွဲမှာ ပုဆိုးပြောင်းပြန်ဝတ်ဆင်မိလို့ တောင်းပန်ခဲ့တဲ့ ဟိန်းမင်းသူ

မတ်လ (၂၃)ရက်နေ့က The One Entertainment Park မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်အသီးသီးဟာ ရသင့်ရထိုက်တဲ့ ဆုတံဆိပ်တွေကို ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် အဆိုပါ အကယ်ဒမီပွဲကြီးကို တက်ရောက်လာခဲ့တဲ့ အနုပညာရှင်တွေများစွာရှိခဲ့ပြီး တစ်ဦးနဲ့တစ်ဦး အလှချင်းပြိုင်ဆိုင်ကာ သူ့ထက်ငါ အလုအယက် ဝတ်စုံဒီဇိုင်းမျိုးစုံကို ဝတ်ဆင်ခဲ့ကြပါတယ်။

အဆိုပါ အကယ်ဒမီပေးပွဲကြီးကို ပရိသတ်အချစ်တော် သရုပ်ဆောင်၊ အဆိုတော် ဟိန်းမင်းသူက လိမ္မော်ရောင်မြန်မာဝတ်စုံနဲ့ ခန့်ညားစွာ ပွဲတက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဟိန်းမင်းသူ ဝတ်ဆင်ထားတဲ့ ပုဆိုးက အပေါ်အောက် ပြောင်းပြန်ဖြစ်နေပြီး မှားယွင်းစွာ ဝတ်ဆင်ထားမိကြောင်း ပရိသတ်တွေ သတိထားမိခဲ့ကြပါတယ်။

၎င်းကိစ္စနဲ့ ပတ်သက်ပြီး ယမန်နေ့မှာ ဟိန်းမင်းသူက “ ပရိတ်သတ်ကြီးများ ခင်ဗျာ .. ကျနော်မနေ့ကတုန်းက  အကယ်ဒမီပေးပွဲတက်တဲ့ ဝတ်စုံမှာ မတော်တဆမှားယွင်းပြီး ဝတ်ခဲ့မိတဲ့အတွက် ဦးစွာ တောင်းပန်ချင်ပါတယ်ခင်ဗျာ။ Designer မရည်မွန်က အလုပ်တစ်ခု လက်ခံထားတဲ့အတွက် ဝတ်စုံပေးပြီး ပြန်သွားခဲ့ရပါတယ်။ သူက ဝတ်တတ်လားဆိုတော့ ပုဆိုးက သိပ်အခက်ကြီးမဟုတ်လို့ အဆင်ပြေတယ်ဆိုပြီး ယူထားခဲ့လိုက်ပါတယ်။ ပွဲသွားမယ့်အချိန်အတွင်း မန်နေဂျာရယ်၊ ကျနော့်ဓာတ်ပုံဆရာရယ်ဘဲရှိတဲ့အတွက် ကျနော်တို့ ပွဲချိန်ကလဲ အရမ်းကပ်နေလို့ သတိမမူဘဲ အလောတကြီး ဝတ်ဆင်ခဲ့မိသွားပါတယ် ခင်ဗျာ ”

“ ကျနော် ပွဲတက်နေစဉ်ကနေ ပွဲပြန်တဲ့အထိ လုံး၀ သတိမထားမိခဲ့ပါဖူးဗျ။ ကျနော် လူမှုကွန်ယက်ပေါ် ဓာတ်ပုံတင်ပြီးနောက် Comments များလာ ရေးတော့မှသာ သတိထားခဲ့မိပါတယ်ဗျ။ ထို့ကြောင့် များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော် သတိမမူ အမှားတခုကြောင့် တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း ရည်ရွယ်ချက်မရှိပါဗျ။ အဲ့အတွက် ကျနော် ဟိန်းမင်းသူမှ အနူးအညွတ် တောင်းပန်အပ်ပါတယ်။ နောက်နောင် ဒီလိုအဖြစ်ပျက်မျိုး မဖြစ်စေရန် သတိထားဆင်ခြင်ပါ့မယ်ခင်ဗျ ” ဆိုပြီး ရိုသေလေးစားစွာ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ တောင်းပန်ထားပါတယ်။

တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ဘဲ အလောတကြီးနဲ့ မှားယွင်းခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း ဟိန်းမင်းသူကို နားလည်နိုင်မယ်ထင်ပါတယ်။ ဒါ့အပြင် ဟိန်းမင်းသူက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ စာအနေနဲ့ရော Video ဖိုင်အနေနဲ့ပါ တောင်းပန်ထားခဲ့ပါသေးတယ်။

">

Source; Hein Min Thu FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။