အခုနှစ် ကြောင် Beauty Contest မှာ ကြောင်လေး “Spak” အနိုင်ရဗိုလ်စွဲ

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့၊ တနင်္ဂနွေနေ့က တူရကီနိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ကြောင်အလှပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ “Van Cat Beauty Contest” လို့ နာမည်ပေးထားတဲ့ အဲဒီကြောင်အလှပြိုင်ပွဲမှာ တူရီကီနိုင်ငံမှာတွေ့ရလေ့ရှိတဲ့ Van အမျိုးအစား ကြောင်လေးရဲ့ အလှအပကို ယှဉ်ပြိုင်တာဖြစ်ပါတယ်။

တူရကီ Van Cat လေးတွေဟာ အမွှေးရှည်ရှည်၊ ကိုယ်ထည်အဖြူရောင်နဲ့ အပြာရောင် ဒါမှမဟုတ် ပယင်းရောင် မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားကြတာကြောင့် ကြောင်ချစ်သူတွေကြားမှာ ရေပန်းစားတဲ့ ကြောင်အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်အတွက် Van Cat Beauty Contest ကြောင်အလှပြိုင်ပွဲမှာတော့ “Spak” လို့နာမည်ရတဲ့ ကြောင်ကလေးက အနိုင်ရဗိုလ်စွဲသွားပါတယ်။ အဲဒီပြိုင်ပွဲမှာ ဗန်အမျိုးအစား ကြောင်လေး ၂၄ ကောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး “Spak” ကတော့ အမှတ်ပေါင်း ၉၅ မှတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်က winner ဖြစ်ခဲ့တဲ့ ကြောင်လေး ဆီဆာကတော့ အခုနှစ်မှာ တတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။


နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အဲဒီပြိုင်ပွဲကို ဈေးဝယ်စင်တာတစ်ခုမှာ ကျင်းပတဲ့ ပွဲတော်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ Van Cat Beauty Contest ကို တူရကီနိုင်ငံအရှေ့ပိုင်း၊ Yüzüncü Yıl တက္ကသိုလ် (YYÜ) ရဲ့ ဗန်အမျိုးအစားကြောင်များ သုတေသနစင်တာက ဦးစီးကျင်းပတာပါ။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။