သင့်ကို အပေါစားဆန်သွားစေတဲ့ ဝတ်စားဆင်ယင်မှုများ

ဖက်ရှင်ဆိုတာ ဈေးကြီးတာ၊ ဈေးပေါတာက အဓိကမဟုတ်ပါဘူး။ သင်ရွေးချယ်တဲ့ပုံစံကသာ အဓိကဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်က ဘယ်လောက်ဈေးကြီးတာပဲဝတ်ဝတ် အပေါစားဆန်သွားစေတဲ့ ဝတ်စားဆင်ယင်ပုံတွေရှိပါတယ်။ တစ်ခါတလေတော့ ဒီဇိုင်းကြောင့် အဝတ်အစားကအလိုလို အပေါစားပုံပေါက်သွားတာမျိုးလည်း ရှိပါတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

၁. စီးကွမ့်တွေများလွန်းခြင်း

အဝတ်အစားမှာ ကျောက်တွေ အများကြီးကပ်ထားတာမျိုး၊ အရမ်းပြောင်လက်ပြီး ကြည့်လိုက်ရင် မျက်စိစူးသွားစေမယ့် အဝတ်အစားမျိုးတွေက လုံးဝအပေါစားပုံပေါက်သွားစေပါတယ်။ ရိုးရိုးရှင်းရှင်းလေးကသာ အလှဆုံးဖြစ်ပါတယ်။

၂. တံဆိပ်ထင်းလွန်းခြင်း

အဝတ်အစား၊ အိတ်၊ ဖိနပ်တွေကို ဝယ်တော့မယ်ဆိုရင် တံဆိပ်ထင်းလွန်းနေတာမျိုးကို မရွေးပါနဲ့။ တံဆိပ်အစစ်ကိုတောင် အတုလို့ ထင်ရစေနိုင်ပါတယ်။

၃. အဆင်မျိုးစုံတွဲဝတ်ခြင်း

အပေါ်ပိုင်းကို အဆင်တစ်မျိုး၊ အောက်ပိုင်းကို အဆင်တစ်မျိုးနဲ့ အစင်းအကြားတွေ၊ အပွင့်တွေ တွဲဖက်ဝတ်ပြီး ရှုပ်ထွေးနေအောင် ဝတ်တာမျိုးရှောင်ပါ။ အဆင်တွေဆိုတာ တစ်ဆင်တည်း ဝတ်မှလှတာပါ။

၄. အဖြူရောင်ရှူးဖိနပ်

အဖြူရောင်ရှူးဖိနပ်တွေ ဝတ်ဆင်တော့မယ်ဆိုရင် အဖြူရောင် အဝတ်အစားမပါဘဲနဲ့ ဝတ်ရင် လုံးဝကြည့်လို့ မကောင်းပါဘူး။ ဒါကြောင့် ဖိနပ်ဝယ်တဲ့အခါ အဖြူရောင်ထက်စာရင် အရောင်ဖျော့လေးတွေကို ရွေးချယ်ဝယ်ယူပါ။

၅. အကောင်းစားပဲဝယ်ပါ

ပစ္စည်းတွေကို ဝယ်တော့မယ်ဆိုရင် အကောင်းစားပဲ ဝယ်ပါ။ အပေါစား ၅ထည်လောက်ဝယ်မှာထက်စာရင် အကောင်းစား တစ်ထည်ဝယ်တာ ပိုကောင်းပါတယ်။ အပေါစားတွေက တစ်ခါနှစ်ခါလျှော်ပြီးတဲ့အခါမှာ ပျက်စီးသွားတတ်တာကြောင့် ပြန်ဝတ်တဲ့အခါတွေမှာ သင့်ကိုလည်း အထင်အမြင်သေးသွားနိုင်ပါတယ်။

၆. လက်ဝတ်လက်စားတွေအများကြီး ဝတ်တာ

လက်ဝတ်လက်စားတွေကို အကြီးကြီးတွေ ဝတ်တာ ဒါမှမဟုတ် များလွန်းအောင်ဝတ်တာကလည်း အပေါစား ဆန်သွားစေပါတယ်။ ဒါထက်စာရင် တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာ တစ်ခုနှစ်ခုလောက်ကို ရှင်းရှင်းလေးဝတ်တာက ပိုပြီး တင့်တယ်ပါတယ်။

၇. ဆိုဒ်မှားဝတ်တာ

ကိုယ့်ရဲ့ ခန္ဓာကိုယ်ဆိုဒ်ထက် ကြီးလွန်းတဲ့အဝတ်အစားတွေ ဒါမှမဟုတ် ကြပ်လွန်းတဲ့ အဝတ်အစားတွေကို မဝတ်သင့်ပါဘူး။ ဝတာပိန်တာ အရေးမကြီးပါဘူး။ ဝရင် ဝတဲ့အလျောက်၊ ပိန်ရင်ပိန်တဲ့အလျောက် မှန်ကန်တဲ့ဆိုဒ် ရွေးတတ်ဖို့ပဲ လိုတာပါ။

Source : Bright Side

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။