ဦးနှောက်ကိုထိခိုက်စေတဲ့ ဒီအကျင့်ဆိုးတွေကို ရှောင်ပါ

မိမိတို့ရဲ့ဘဝနေထိုင်မှုပုံစံတချို့ဟာ ဦးနှောက်ကျန်းမားရေး သိသိသာသာခြိမ်းခြောက်နေပါတယ်။ အဲဒီလိုအမူအကျင့်ဆိုးတွေဟာ ဦးနှောက်ကို အရေးကြီးတဲ့ ဖြည့်စွက်အာဟာရကိုမရစေတာ ဒါမှမဟုတ် ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေတာမျိုးတွေ ဖြစ်နိုင်တာကြောင့် စိတ်ဓာတ်ကျဆင်းခြင်းလို စိတ်ပိုင်းဆိုင်ရာဝေဒနာတွေရော အယ်လ်ဇိုင်းမားနဲ့ ကင်ဆာလို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။


အဲဒါကြောင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ချက်ချင်းရပ်တန့်ဖို့ လိုအပ်တဲ့ အမူအကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့ဦးနှောက်ကို ဖြည်းဖြည်းချင်းပျက်စီးစေတဲ့ အဲဒီအပြုအမူတွေကို ပြင်ကြရအောင်နော်။


(၁) မနက်စောစောစာ မစားခြင်း


မနက်စောစောစာဟာ တစ်နေ့တာစားသောက်မှုမှာ အရေးကြီးဆုံးဖြစ်တာကြောင့် မနက်စာမစားဘဲ ကျော်သွားမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို နိမ့်ကျစေပါတယ်။ မနက်စာမစားဘဲနေတာ ကြာလာရင်တော့ ဦးနှောက်ကို အတော်လေးထိခိုက်စေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဦးနှောက်ရဲ့စွမ်းရည်ကို တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ပိုသုံးရတာကြောင့် ဦးနှောက်ဟာ နေ့စဉ် သင်စားလိုက်တဲ့ အစာစနစ်ထဲက ရရှိနိုင်တဲ့ ဂလူးကို့စ် ၂၀ ရာခိုင်နှုန်းကျော်အထိ ရယူပါတယ်။ ဦးနှောက်အတွက် အာဟာရမပြည့်ဝတာဟာ ဦးနှောက်ရဲ့ အလျင်အမြန်တုံ့ပြန်နိုင်စွမ်းကို လျော့ကျစေပြီး ဦးနှောက်ဆဲလ်တွေကိုလည်း မြန်မြန်ပျက်စီးစေပါတယ်။


(၂) အိပ်ရေးမဝခြင်း


အိပ်ရေးမဝဘူးဆိုရင် မနက်အိပ်ရာထတဲ့အခါ ခေါင်းမကြည်လင်ဖြစ်တတ်တာကို အထွေအထူးပြောနေစရာ လိုမယ်မထင်ပါဘူး။ အိပ်ရေး၀၀ မအိပ်ခြင်းဟာ ဦးနှောက်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးကိုလည်း ထိခိုက်စေပါတယ်။ ပိုဆိုးတာက သင့်ရဲ့အာရုံခံစားမှုနဲ့ အလိုလျောက်တုံ့ပြန်နိုင်စွမ်းကို လျော့ကျစေတာကြောင့် အန္တရာယ်များတဲ့ မတော်တဆထိခိုက်မှုတွေကိုတောင် ဖြစ်ပွားစေနိုင်ပါတယ်။


(၃) အလွန်အကျွံစားခြင်း


လေ့လာတွေ့ရှိချက်တွေအရ အဝလွန်ခြင်းနဲ့ မေ့လွယ်ခြင်းဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ မဆိုင်သလို ထင်ရပေမဲ့ အဝလွန်ခြင်းဟာ အာဟာရမဖြစ်တဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးခြင်းကြောင့် ဖြစ်နိုင်ချေ ရှိကြောင်း သုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပြီး အများကြီးစားပေမဲ့ ဦးနှောက်က ဆာလောင်နေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါဟာလည်း ဦးနှောက်ပုံမမှန်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ရပ်ပါပဲ။


(၄) ဆေးလိပ်သောက်ခြင်း


ဆေးလိပ်သောက်ရာကနေဖြစ်တဲ့ များပြားလှတဲ့ ဆိုးကျိုးတွေထဲမှာ ဦးနှောက်ကို ထိခိုက်စေတာလည်း ပါဝင်ပါတယ်။ ဆေးလိပ်ဟာ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေတာကြောင့် ဦးနှောက်ရဲ့စွမ်းဆောင်ရည်တချို့ကို လျှော့ကျစေပါတယ်။


(၅) ရေဓာတ်နည်းပါးခြင်း


ခန္ဓာကိုယ်မှာ ရေဓာတ် ၇၀ ရာခိုင်နှုန်းကျော်ပါဝင်တာကြောင့် ရေဓာတ်ဟာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်အားလုံးနဲ့ ဆက်စပ်ပတ်သက်နေပါတယ်။ ရေဓာတ်နည်းပါးမယ်ဆိုရင် ရှုပ်ထွေးတဲ့ ပြဿရပ်တွေဖြေရှင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ အာရုစူးစိုက်ခြင်းတို့လို ဦးနှောက်ရဲ့စွမ်းဆောင်ရည်တချို့ကို ကျဆင်းစေပါတယ်။ အဲဒါကြောင့် သင့်ရဲ့ဦးနှောက်လေး ပျော်ရွှင်ကျန်းမာဖို့ ရေများများသောက်ပေးပါနော်။


(၆) သကြားဓာတ်များလွန်းခြင်း


ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေအတွက် သကြားဓာတ်ကို လိုအပ်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ ဦးနှောက်ဆဲလ်တွေအပါအဝင် ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ထိခိုက်စေပါတယ်။ အဲဒါဟာ အစားအသောက်ကနေ အရေးကြီးတဲ့အာဟာရတွေ ရယူနိုင်စွမ်းကို လျော့ကျစေပြီး ပိုမိုဆာလောင်စေပါတယ်။ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ဖြစ်စေရုံတင်မကဘဲ မှတ်ဉာဏ်အားကိုပါ လျော့နည်းစေပါတယ်။


(၇) စိတ်ဖိစီးမှုများခြင်း


ကာလကြာရှည်စွာ စိတ်ဖိစီးမှုခံစားရတာဟာလည်း ဦးနှောက်တင်မက ခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါ ဆိုးကျိုး ဖြစ်စေပါတယ်။ ခဏတာစိတ်ဖိစီးတာဟာ အကြောင်းမဟုတ်ပေမဲ့ ကာလအကြာကြီး စိတ်ဖိစီးမှုခံစားရမယ် ဆိုရင်တော့ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေရုံတင်မကဘဲ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို လျော့ကျစေပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုတွေကို ကြာကြာမထားဘဲ မြန်မြန်ဖြေဖျောက်နိုင်အောင် ကြိုးစားပါနော်။

By Cherry Mon

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။