ကာဒေရှီယန်ညီအစ်မတွေရဲ့ အမိုက်စားခန္ဓာကိုယ်အတွက် လျှို့ဝှက်ချက်များ

နိုင်ငံတကာက ဆယ်လီတွေထဲမှာ “အကိတ်” လို့ ဆိုလိုက်ရင် ကာဒေရှီယန်ညီအစ်မတွေကိုပဲ ပြေးမြင်မိကြမှာပါ။ ကာဒေရှီယန်ညီအစ်မတွေ နာမည်ကျော်ကြားရတဲ့ အကြောင်းအရင်းတွေထဲမှာ သူတို့ရဲ့အမိုက်စားခန္ဓာကိုယ်အချိုးအစားကလည်း တစ်ခုအပါအဝင်ပါပဲ။


ပျိုမေတို့ထဲမှာရော ကာဒေရှီယန်ညီအစ်မတွေရဲ့ အလန်းစားကောက်ကြောင်းတွေကို အားကျနေတဲ့သူတွေ ရှိနေပြီလား။ အဲဒါဆိုရင်တော့ သူတို့ညီအစ်မတွေ အဲဒီလိုခန္ဓာကိုယ်မျိုးရအောင် ဘယ်လိုနေထိုင်လေ့ကျင့်ခဲ့သလဲဆိုတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


ကင်မ်ကာဒေရှီယန် (Kim Kardashian)


ကာဒေရှီယန်ညီအစ်အရင်းသုံးယောက်ထဲမှာ အလတ်လည်းဖြစ် နာမည်အကျော်ကြားဆုံးလို့လည်း ဆိုရမယ့် ကင်မ်ကတော့ အခုလို သဲနာရီပုံစံ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ဖို့အတွက် အပျော့စားနဲ့အပြင်းစားလေ့ကျင့်ခန်းစုံနဲ့ လေ့ကျင့်ကြိုးစားခဲ့ရပြီး အစားအသောက်ကိုလည်း အချိန်မှန်မှန်နဲ့ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း နည်းနည်းစီစားသုံးခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ကင်မ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့အတွက် လတ်လတ်ဆတ်ဆတ် အစားအစာတွေကို အဓိကထားစားသုံးပါသတဲ့။


ကန်ဒယ်လ်ဂျန်နာ (Kendall Jenner)


ကိုင်လီရဲ့အစ်မအရင်းဖြစ်သူ အသက် ၂၃ နှစ်အရွယ် ကန်ဒယ်လ်ဂျန်နာကတော့ တခြားညီအစ်မလေးယောက်နဲ့မတူဘဲ ရှည်သွယ်တဲ့ အရပ်၊ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်မိုဒယ်တစ်ယောက်လည်း ဖြစ်ပါတယ်။


ကန်ဒယ်လ်ကတော့ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်တွေ မလုပ်ပါဘူးတဲ့နော်။ သူအကြိုက်ဆုံးလေ့ကျင့်ခန်းကတော့ ပြေးတာပဲဖြစ်ပြီး ခန္ဓာကိုယ်ဆန့်ထုတ်တဲ့ လေ့ကျင့်ခန်းမျိုးနဲ့ ရေကူးတာတွေလည်း လုပ်ပါတယ်။


အစားအသောက်အနေနဲ့ကတော့ သဘာဝကိုပြောင်းလဲမွမ်းမံထားတဲ့ အစားအသောက်တွေ၊ အချိုစာလို အာဟာရဓာတ်သိပ်မရှိတဲ့ အစားအသောက်တွေ၊ အစားထိုးမွမ်းမံထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အစားအသောက်တွေ၊ ကြာရှည်ခံအောင် ဖန်တီးထားတဲ့ စားစရာတွေ၊ အချိုရည်နဲ့ ဆိုဒါပါတဲ့သောက်စရာတွေနဲ့ သစ်သီးဖျော်ရည်ချိုချိုတွေကို ရှောင်ပါတယ်တဲ့။


သူ့ရဲ့အလှအပအတွက် လျှို့ဝှက်ချက်ကတော့ စတော်ဘယ်ရီနဲ့ ပန်းသီးတွေပါပဲ။ ဒါ့ပြင် သူဟာ Detox Tea ကိုလည်း သောက်ပါတယ်တဲ့နော်။


ခလိုးကာဒေရှီယန် (Khloe Kardashian)


ကာဒေရှီယမ် ညီအစ်မသုံးဖော်မှာ အငယ်ဆုံးဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် ခလိုးကတော့ အဆီအစိမ့်တွေအစားများပြီး အရမ်းဝလာဖူးတာကြောင့် သူ့ခန္ဓာကိုယ်ကို ကြိုးကြိုးစားစား ပြန်လည်ထိန်းသိမ်းခဲ့ရပါတယ်။


သူဟာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရုံတင်မကဘဲ တစ်နေ့ကို အနည်းဆုံး ရေ (၅) လီတာအထိ သောက်သုံးလေ့ရှိပါတယ်။ ဝိတ်ချဖို့အတွက် သူညွှန်းထားတဲ့ အစားအစာတွေကတော့ ဖရဲသီး၊ ထောပတ်သီး၊ ဂျုံနဲ့ ချင်းတို့ပါပဲ။


သူအကြိုက်ဆုံးလေ့ကျင့်ခန်းကတော့ ကြိုးခုန်ခြင်းပါတဲ့။ ငါးမိနစ်အတွင်းမှာ အကြိမ် ၈၀၀ လောက် ခုန်ဖို့ လိုအပ်ပါသတဲ့။ ပြေးရတဲ့လေ့ကျင့်ခန်းကိုတော့ သူမကြိုက်ဘူးလို့ ဆိုပါတယ်။  


ကော့တ်နေးကာဒေရှီယန် (Kourtney Kardashian)


ကာဒေရှိယန်ညီအစ်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ကော့တ်နေးကတော့ လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိသူ မဟုတ်ပါဘူး။ သူဟာ ဘာမှမစားရသေးချိန်မှာ ကော်လဂျင်ဖြည့်စွက်စာကို စားသုံးလေ့ရှိပါတယ်။ မိနစ်နှစ်ဆယ်လောက်ကြာရင်တော့ အော်ဂဲနစ် ပန်းသီးအရက်ဗနီကာ (Organic Apple Cider Vinegar) လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး သောက်ပါတယ်တဲ့။


အစားအသောက်အနေနဲ့ကတော့ ထောပတ်သီးပူတင်းကို စားလေ့ရှိပြီး သကြားမပါဘဲ ပရိုတိန်းဓာတ်များများပါတဲ့ အသီးအရွတ်သုပ်တွေကိုလည်း စားသုံးပါတယ်။ ညနေစာအတွက်တော့ ကညွတ်၊ ကန်စွန်းဥ ဒါမှမဟုတ် သကြားမုန်လာနဲ့ ပြုလုပ်ထားတဲ့ ရိုးရိုးစွပ်ပြုတ်တစ်ခွက်ကိုပဲ စားလေ့ရှိပါသတဲ့။


ကိုင်လီဂျန်နာ (Kylie Jenner)


Kylie အမှတ်တံဆိပ်အလှကုန်ရဲ့ ပဲ့ကိုင်ရှင် ကိုင်လီကတော့ ကာဒေရှီယန်ညီအစ်မသုံးယောက်ရဲ့ မအေတူဖအေကွဲညီမငယ်ဖြစ်ပြီး ညီအစ်မတွေအားလုံးထဲမှာလည်း အငယ်ဆုံးဖြစ်ပါတယ်။ အသက် ၂၁ သာ ရှိသေးတဲ့ ကိုင်လီကလည်း သူ့ရဲ့အမိုက်စားခန္ဓာကိုယ်ကြောင့် လူသိများပါတယ်။ သူဟာ မကြာခင်ကမှ ကလေးတစ်ယောက်အမေဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်အလှအပကို လေ့ကျင့်ခန်းတွေလုပ်ပြီး ဆက်လက်ထိန်းသိမ်းထားပါတယ်။



By Cherry Mon

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။