အသက်ရှင်နေတုန်း မကြည့်မဖြစ်ကြည့်သွားရမယ့် ဂျပန်ကာတွန်းရုပ်ရှင် ( 20 )

ကာတွန်းကားလေးတွေ ဆိုပေမယ့် ဟောလီးဝုဒ် နဲ့ ဒစ္စနေး ရုပ်ရှင်တွေ နီးပါး ( အဲဒီထက်ကောင်းတဲ့ ဟာတွေလည်းရှိ ) ကောင်းတဲ့ ဂျပန် Manga ကာတွန်းလေးတွေ အများကြီးရှိတယ် ..။ တချို့ မန်ဂါရုပ်ရှင်လေးတွေဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ထဲက တစ်ချို့တစ်ဝက်ကို ဖဲ့ပြီးကြည့်ဖို့ ( တကယ်ကို ) ထိုက်တန်ပါတယ် ..။

အသက်ရှင်ချိန်ဟာ တကယ် တိုတိုလေးပါ ..။ အဲဒီအချိန်လေးအတွင်း လုပ်စရာတွေ အများကြီးရှိတဲ့ အထဲမှာ ဒီလို ကာတွန်းကား ကောင်းကောင်း လေးတွေကို ကြည့်သွားဖို့လည်း ပါတာပေါ့ …။

( ၁ ) Spirited Away ( 2001 )


၂၀၀၁ မှာ ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်လေး ..။ ၁၀ နှစ်အရွယ်ကလေးမလေး တစ်ယောက် ..။ သူမ အနေနဲ့ မိဘတွေ အိမ်ပြောင်းရွှေ့နေစဉ်ကာလ အတွင်းမှာ နတ်ဘုရားတွေ၊ ဝိဉာဉ်တွေ နဲ့ တစ္ဆေသရဲတွေ စိုးမိုးရာ ကမ္ဘာတစ်ခုကို မျက်စေ့လည်ပြီး ရောက်သွားပုံ ကို ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်လေးဖြစ်တယ် ..။ ဒါရိုက်တာ ဟာယာအို မီယာဇာကီ ရဲ့ စိတ်ကူးဖြစ်ပြီး ပြသချိန် ၁၂၅ မိနစ်ရှိပါတယ် ..။

( ၂ ) Akira ( 1988 )


တကယ်ကို ကောင်းတဲ့ ကာတွန်းပါ ..။ ရုပ်ပြစာအုပ် အရင်ထွက်ရှိခဲ့တာဖြစ်ပြီး ၁၉၈၈ ကာလ ကတည်းက ဂျပန်နိုင်ငံ ရဲ့ တီထွင်မှုစိတ်ကူးစိတ်သန်း တွေ ဘယ်လောက်အထိ ခေတ်ရှေ့ပြေးနေတယ် ဆိုတာကို Akira Comic စီးရီးတွေမှာ တွေ့နိုင်တယ် ..။ လျှို့ဝှက် စစ်ဆင်ရေး ပရောဂျက်တစ်ခု ရဲ့ အမှားကနေ ခေတ်လွန်တိုကျိုမြို့အပြင် ဂျပန် တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာချိန်မှာတော့ ဆယ်ကျော်သက်နှစ်ဦးနဲ့ သူတို့ သူငယ်ချင်းတွေကနေ တိုကျိုမြို့ကြီးကို ကယ်တင်တဲ့ စွန့်စားခန်းတွေကို ပုံဖော်ထားတဲ့ ကာတွန်းကားကောင်း တစ်ခုဖြစ်တယ် ..။ ဒါရိုက်တာ ကတ်ဆုဟီရို အိုတိုမို ရိုက်ကူးထားပြီး ပြသချိန် ၁၂၄ မိနစ်ရှိပါတယ် ..။

( ၃ ) Princess Mononoke ( 1997 )


အာရှီတာကာ ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဆီမှာ စွဲကပ်နေတဲ့ ကျိန်စာကို ဖယ်ရှားဖို့ ဖြေဆေးလိုက်ရှာတဲ့ ခရီးတစ်ခုအတွင်းမှာ သစ်တောစောင့်နတ်မျိုးနွယ်ဝင် မင်းသမီးလေး မိုနိုနိုကီ နဲ့ ဆုံတွေ့ခဲ့ပုံကို ရိုက်ကူးတင်ဆက် ထားတာဖြစ်တယ် ..။ ၁၉၉၇ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပြီး pleasure feeling လေးတစ်ခုပေးတဲ့ ကာတွန်းလေးပါ ..။ ဒါရိုက်တာ ဟာယာအို မီယာဇာကီ ရဲ့ လက်ရာပဲဖြစ်ပြီး ပြသချိန်ကတော့ ၁၃၄ မိနစ်ပါ ..။

( ၄ ) Porco Rosso ( 1992 )


၁၉၃၀ ခုနှစ်ကာလ အီတလီ နိုင်ငံကကျိန်စာသင့်နေတဲ့ ပထမကမ္ဘာစစ်ပြန် လေယာဉ်မှုး တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ ..။ ဇာတ်ကားလေးက အနည်းငယ်တော့ အေးတိအေးစက်ရှိပေမယ့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ခုပါ ..။ ဟာယာအို ပဲရိုက်ကူးထားတာဖြစ်ပြီး ၁၉၉၂ တုန်းက ဖန်တီးခဲ့တာဖြစ်တယ် ..။ ပြသချိန်ကတော့ ၉၄ မိနစ်တည်းပါ ..။

( ၅ ) My Neighbor Totoro ( 1988 )


လူတိုင်း ( အထူးသဖြင့် ) ကလေးတိုင်း သိကြမယ့် ကာတွန်းကားကောင်းလေး တစ်ခုပေါ့ ..။ တိုကျိုကနေ တောနယ်ဘက်ကို အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ပြောင်းရွှေ့လာရတဲ့ မိသားစုက ညီအစ်မနှစ်ယောက် အကြောင်းကို ရိုက်ကူးထားတာဖြစ်တယ် ..။ သူတို့တွေ အနေနဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေ၊ နောက်ပြီး ခင်မင်ဖို့ကောင်းတဲ့ သစ်တောစောင့်ဝိဉာဉ် တိုတိုးရို နဲ့ တွေ့ဆုံရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ် ..။ ဟာယာအို ပဲရိုက်ကူးထားတာပေါ့ ..။ ပြသချိန် ၈၆ မိနစ် ရှိပြီး ၁၉၈၈ ခုနှစ်ကဖန်တီးခဲ့တာဖြစ်တယ် ..။

( ၆ ) Ponyo ( 2008 )


2008 ခုနှစ်က ရိုက်ကူးထားတဲ့ ကာတွန်းကားလေးပါ ..။ လူသားကောင်လေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး လူတစ်ယောက်လိုပဲ နေထိုင်သွားချင်တဲ့ ရွှေငါးမင်းသမီးလေး Ponyo ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ချစ်စရာ၊ သနားစရာ ရုပ်ရှင်လေးဖြစ်တယ် ..။ ဟာယာအို ပဲရိုက်ကူးထားတာဖြစ်ပြီး ပြသချိန် ၁၀၁ မိနစ်ရှိပါတယ် ..။

( ၇ ) Castle in the Sky ( 1986 )


၁၉၈၆ ခုနှစ်က ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဟာ အင်္ဂလိပ် ဒဏ္ဍာရီတစ်ချို့ကို အခြေခံထားတာဖြစ်တယ် ..။ Skywall တို့ .. Lost City of Tol’vir တို့ .. Laputaတို့ လိုမျိုး ..။ ကောင်းကင်ပေါ်ကနိုင်ငံတော်ကြီး ကို အပြိုင်အဆိုင်ရှာဖွေကြတဲ့ အကြောင်းရိုက်ကူးထားတဲ့ ကာတွန်းလေးဖြစ်ပါတယ် ..။  ဘာဆက်ဖြစ်မလဲ ဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် ကာတွန်းကားကောင်းလေးတစ်ခုဖြစ်ပါတယ် ..။ ပြသချိန် ၁၂၅ မိနစ်ရှိပြီး ဟာယာအို ရဲ့လက်ရာပဲဖြစ်ပါတယ် ..။

( ၈ ) Grave of the Fireflies ( 1988 )


၁၉၈၈ ခုနှစ်က ရိုက်ကူးထားတဲ့ ကာတွန်းကားလေးပါ ..။ ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံမှာ စစ်ဘေးရှောင်ရင်း အသက်ရှင်ဖို့ အပြင်းအထန်ရပ်တည်ရတဲ့ ကောင်လေးတစ်ယောက် နဲ့ သူ့ညီမလေးအကြောင်းကို တင်ဆက်ထားတဲ့ ကာတွန်းကား ကောင်းလေးဖြစ်ပါတယ် ..။ ဒါရိုက်တာ အီဆာအို တာကာဟာမာ ရဲ့လက်ရာဖြစ်ပြီး ပြသချိန် ၈၉ မိနစ်ရှိပါတယ် ..။

( ၉ ) Nausicaa of the Valley of the Wind ( 1984 )


၁၉၈၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒီကာတွန်းလေးမှာ ဂျပန်လူမျိုးတွေရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်းတွေကို တွေ့နိုင်တယ် ..။ လူမျိုးစုနှစ်စုကြားက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ စစ်ပွဲတွေကြောင့် ပျက်စီးလုနီးနီးဂြိုလ်ကြီးကို ကယ်တင်ရင်း လူမျိုးစုတွေကို ပါငြိမ်းချမ်းမှုရအောင် ဆောင်ကြဉ်းပေးခဲ့တဲ့ မင်းသမီးလေး Nausicaa ရဲ့အကြောင်း ရိုက်ကူးထားတာဖြစ်တယ် ..။ ဟာယာအို ရိုက်ကူးထားတာဖြစ်ပြီး ပြသချိန်ကတော့ ၁၁၇ မိနစ်ပါ ..။

( ၁၀ ) Kiki’s Delivery Service ( 1989 )


၁၉၈၉ ခုနှစ်က ကာတွန်းကားလေးပါ ..။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ တီဗွီချန်နယ် မှာအဲဒီရုပ်ရှင်လေးတွေလာမယ့်အချိန်ကိုစောင့်ပြီး ထိုင်ကြည့်ဖူးတာပေါ့ ..။ ဒီရုပ်ရှင်လေးကတော့ ငယ်ရွယ်ပြီး သွက်လက်ထက်မြက်တဲ့ စုန်းမလေး ကိကိ ဟာ လူသားတွေရဲ့ အသိုင်းအဝိုင်းထဲ အံဝင်ခွင်ကျဖြစ်အောင် နေထိုင်ရင်း တစ်ဖက်ကလည်း သူမရဲ့ အလုပ်ဖြစ်တဲ့ အိမ်တိုင်ယာရောက်ဝန်ဆောင်မှုလုပ်ငန်းအကြောင်းကို ရိုက်ကူးထားတဲ့ ကာတွန်းကားလေးဖြစ်ပါတယ် ..။ ပြသချိန် ၁၀၃ မိနစ်ရှိပြီး ဒါရိုက်တာ ဟာယာအို ရဲ့ လက်ရာပဲပေါ့ ..။

( ၁၁ ) Pom Poko ( 1999 )


မြို့ပြယဉ်ကျေးမှုက တစ်စတစ်စ လွှမ်းမိုးလာတဲ့ သစ်တောအုပ်လေးကို ကာကွယ်ဖို့ ကြိုးစားကြတဲ့ မှော်ဝင် ရက်ကွန်းကောင် လေးတွေရဲ့ အကြောင်းရိုက်ကူးထားတဲ့ ချစ်စရာ ကာတွန်းကားလေးဖြစ်ပါတယ် ..။ ဒါရိုက်တာ အီဆာအို တာကာဟာမာ ရိုက်ကူးထားပြီး ပြသချိန် ၁၁၉ မိနစ်ရှိပါတယ် ..။

( ၁၂ ) Tokyo Godfathers ( 2003 )


ခရစ်စမတ် ကာလတစ်ခုရဲ့ ညနေခင်းအချိန်၊ တိုကျိုမြို့ရဲ့ လမ်းတွေထဲက အမှိုက်ပုံတစ်ခုမှာ စွန့်ပစ်ထားတဲ့ ကလေးငယ်လေး ကို ကောက်ရပြီး သူ့မိဘအရင်းတွေကို ပြန်ပေးဖို့ လိုက်ရှာတဲ့ အိမ်ခြေရာမဲ့ လူသုံးယောက် ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ကာတွန်းကားလေးပါ ..။ အစကတော့ ရယ်ရသယောင်ရှိပေမယ့် နောက်ဆုံးတော့ ဝမ်းနည်းရတဲ့ ကားကောင်းလေးတစ်ခုပါ ..။ ကြည့်သူတိုင်းကို မျက်ရည်ကျစေမယ့် ကာတွန်းကားလေးတစ်ခုပါပဲ ..။ ၂၀၀၃ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာ ဆာတိုရှီကွန် နဲ့ ရှိုဂို ဖူရူယာ တို့ရဲ့လက်ရာတစ်ခုဖြစ်တယ် ..။ ပြသချိန် ၉၃ မိနစ်သာရှိပေမယ့် တကယ်ကြည့်ဖို့ထိုက်တန်တဲ့ ဇာတ်ကားလေးတစ်ခု ဖြစ်ပါတယ် ..။

( ၁၃ ) Whisper of the Heart ( 1993 )


စာအုပ်တွေဖတ်ရတာ သဘောကျတဲ့ စာဂျပိုးကောင်မလေးတစ်ယောက် နဲ့ စာကြည့်တိုက်စောင့် ကောင်လေးတစ်ယောက် ရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ် အကြောင်းရိုက်ကူးထားတာဖြစ်တယ် ..။ အခု K Drama တွေလိုမျိုးပဲ ကြည်နူးစရာ ရသလေးကို ပေးနိုင်မယ့် ကာတွန်းကားလေးတစ်ခုပါ ..။ ဒါရိုက်တာ ရိုရှီဖူမီကွန်ဒို ရိုက်ကူးတာဖြစ်ပြီး ပြသချိန်ကတော့ ၁၁၁ မိနစ်ရှိပါတယ် ..။

( ၁၄ ) A Chinese Ghost Story ( 2010 )


ဂျပန် မန်ဂါဆိုပေမယ့် တရုတ်ရိုးရာယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းတွေအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ကာတွန်းလေးဖြစ်တယ် ..။ တစ္ဆေမလေး တစ်ယောက်ကို ချစ်မိတဲ့ လူသားကောင်လေးတစ်ယောက်အကြောင်းဖြစ်ပြီး အဲဒီကောင်လေးအနေနဲ့ တစ္ဆေဖမ်းသူတွေ၊ အောက်လမ်းဆရာတွေရဲ့ အန္တရာယ်ကနေ တစ္ဆေမလေးကို ကာကွယ်ပေးတဲ့ အကြောင်းရိုက်ကူးထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ကာတွန်းကားလေး ဖြစ်တယ် ..။ ဒါရိုက်တာ အန်ဒရူးချန် ဖြစ်ပြီး ပြသချိန် ၈၄ မိနစ်ရှိပါတယ် ..။

( ၁၅ ) Ghost in the Shell ( 1995 )


အခုနောက်ပိုင်းတော့ ဟောလီးဝုဒ်မင်းသမီး စကားလက် ဂျိုဟန်ဆင် ပြန်လည် ရိုက်ကူးထားတဲ့ ကာတွန်းကားလေးပါ ..။ ရဲမေတစ်ယောက်အဖြစ်ဖန်တီးထားတဲ့ လူသားစက်ရုပ်မလေး နဲ့ သူ့ပါတနာ တို့ Puppet Master လို့ခေါ်တဲ့ ဒဏ္ဍာရီဆန်ဆန် ထူးဆန်းပြီး အင်အားကြီးတဲ့ hacker တစ်ယောက်ကို ခြေရာခံ ရှာဖွေရတဲ့ အကြောင်း ရိုက်ကူးထားတာဖြစ်တယ် ..။ တစ်ခုရှိတာက အက်ရှင်ဆန်လွန်းပြီး ကလေးတွေအနေနဲ့ ကြည့်ဖို့သိပ်ပြီး မသင့်လျော်တဲ့ ( Nudity alert ) တချို့ပါဝင်နေတာဖြစ်တယ် ..။ ၁၉၉၅ ခုနှစ်ကရိုက်ကူးထားတာဖြစ်ပြီး ၈၃ မိနစ်ရှိတယ် ..။ ဒါရိုက်တာ မာမိုရူ အိုရှီအီ ရဲ့ လက်ရာဖြစ်ပါတယ် ..။

( ၁၆ ) Tales from Earthsea ( 2006 )


၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ကာတွန်းလေးပါ ..။ ဆန်းကြယ်တဲ့ ကမ္ဘာတစ်ခုအတွင်းမှာ လူငယ်တစ်ယောက်နဲ့ ကောင်လေးတစ်ယောက်တို့ ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ၊ ကွင်းဆက်တွေကို လိုက်လံစုံစမ်းကြတဲ့အကြောင်း ရိုက်ကူးထားတဲ့ ကာတွန်းကားလေးဖြစ်ပါတယ် ..။ ဒါရိုက်တာ ဂိုရို မီယာဇာကီ ရိုက်ကူးထားတာဖြစ်ပြီး ပြသချိန်ကတော့ ၁၁၅ မိနစ်ရှိပါတယ် ..။

( ၁၇ ) Final Fantasy : The Spirit Within ( 2001 )


အရမ်းကောင်းပါတယ် ..။ စစချင်းမှာ Tempo အရမ်းမြင့်ပေမယ့် ဇာတ်လမ်း အလယ်မှာတော့ စိတ်ဝင်စားမှုအနည်းငယ်လျော့ကျသွားနိုင်ပါတယ် ..။ စကားပြောခန်းတွေ များလွန်းပေမယ့် တကယ်တမ်း မြန်မာစာတန်းထိုးဆိုရင်တော့ စိတ်ဝင်စားဖို့ ကောင်းပါတယ် ..။ ကမ္ဘာပေါ်ကို ကျုးကျော်လာတဲ့ ဝိဉာဉ်သဏ္ဍာန် ဂြိုလ်သားတွေရဲ့ ရန်ကို ခုခံပြီးတွန်းလှန်ခဲ့တဲ့ သူရဲကောင်းတွေအကြောင်းရိုက်ကူးထားတဲ့ ကာတွန်းကားလေးပါ ..။ ကာတွန်းကားဆိုပေမယ့် 2D မဟုတ်တော့ပဲ 3D Graphic Animation တွေကို အသုံးပြုထားတာကြောင့် ကာတွန်းကားလို့ပြောရတာထက်စာရင် 3D Animated Film တစ်ခုလို့ပြောတာပိုသင့်တော်ပါတယ် ..။ နောက်ဆုံးပိုင်းမှာ Tempo အမြင့်ဆုံးနဲ့ ကြည့်ရှုသူကို အထီးကျန်သွားတဲ့ ခံစားမှုမျိုးပေးနိုင်တဲ့ Animation ရုပ်ရှင်တစ်ခုပါ ..။ ပြသချိန် ၁၀၆ မိနစ်ရှိပြီး ဒါရိုက်တာ ဟီရိုနိုဘူ ဆာကာဂူချီ နဲ့ ဆာကာကီဘာရာ တို့ရဲ့ ဖန်တီးမှုဖြစ်တယ် ..။  ၂၀၀၁ ခုနှစ်က ရိုက်ကူးထားတာဖြစ်ပါတယ် ..။

( ၁၈ ) The Girl who leapt through time ( 2006 )


၂၀၀၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ကာတွန်းကားလေးဖြစ်တယ် ..။ အချိန်နောက်ပြန်လှည့်ပြီး ခရီးသွားနိုင်စွမ်းရှိတဲ့ အထက်တန်းကျောင်းသူ ကောင်မလေးတစ်ယောက်ရဲ့ အချိန်ခရီးသွားရာက အဖြစ်အပျက်တွေကို ပုံဖော်ထားတဲ့ ကာတွန်းကားကောင်းလေး တစ်ခုဖြစ်ပါတယ် ..။ ဒါရိုက်တာ မာမိုရူ ဟိုဆိုဒါ ရိုက်ကူးပြီး ပြသချိန် ၉၈ မိနစ်ရှိပါတယ် ..။

( ၁၉ ) Millennium Actress ( 2001 )


TV အင်တာဗျုးသူတစ်ယောက် နဲ့ ကင်မရာရိုက်ကူးရေးသမားတစ်ယောက်တို့ဟာ နာမည်ကြီး မင်းသမီးလေး တစ်ယောက်နဲ့ တွေ့ဆုံပြီးနောက် မင်းသမီးလေးရဲ့ ဟိုးအရင် အတိတ်ကာလထဲကို ရောက်ရှိသွားတဲ့အကြောင်း ခပ်ဆန်းဆန်းလေး ရိုက်ကူးထားတဲ့ ကာတွန်းကားလေးဖြစ်တယ် ..။ ဒါရိုက်တာ ဆာတိုရှီကွန် ရဲ့ လက်ရာဖြစ်ပြီး ၂၀၀၁ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်တယ် ..။ ပြသချိန်ကတော့ ၈၇ မိနစ်ရှိပါတယ် ..။

( ၂၀ ) The Tale of the Princess Kaguya ( 2013 )


အခုပြောထားတဲ့ ကာတွန်းကားတွေထဲက အကောင်းဆုံးကာတွန်းကားလို့ပဲပြောရမယ် ..။ အက်ရှင် နဲ့ အကြမ်းအရမ်းတွေမပါပဲ မိသားစုချစ်ခြင်းမေတ္တာ၊ ငယ်ရွယ်သူ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ပုံဖော်ထားတဲ့ ကာတွန်းကားလေးပါ ..။ ဆင်းရဲတဲ့ ဇနီးမောင်နှံနှစ်ယောက်ကို ဘုရားရှင်က လက်ဆောင်အဖြစ် ကလေးလေးတစ်ယောက် လက်ဆောင်ပေးခဲ့တယ် ..။ ကလေးလေးကြောင့် သူတို့ချမ်းသာသွားပေမယ့် လူ့လောကရဲ့ အရှုပ်အထွေးတွေ၊ ကောက်ကျစ်မှုတွေကြောင့် နောက်ဆုံးဘုရားရှင်က ကာဂူရာ လေးကို ကောင်းကင်ပေါ်ပြန်လည်ခေါ်ဆောင်သွားတဲ့ အကြောင်း ရိုက်ကူးထားတဲ့ ကြည်နူးစရာ၊ ဝမ်းနည်းစရာ ကာတွန်းကားကောင်းလေးပါ ..။ ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာ အာဆာအို တာကာဟာမာနဲ့ ဟာယာအို မီယာဇာကီ ရဲ့ လက်ရာဖြစ်တယ် ..။ ပြသချိန်ကတော့ ၁၁၅ မိနစ်ရှိပါတယ် ..။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။