ပြင်းထန်တဲ့ခြေကန်ချက်၊ ပေးဆပ်လိုက်ရတဲ့ နံရိုးနှစ်ချောင်း နဲ့ ယိုစိမ့်သွားတဲ့ သွေးနှစ်လီတာ

မြန်မာနိုင်ငံကိုယ်စားပြု ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန် နဲ့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုပွဲ ( မကျေပွဲ ဆိုတာက ပိုမှန်ပါမယ် ) မှာ ဒုတိယအကြိမ်မြောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဂျပန်လူမျိုး ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဟာဆဲဂါဝါ တစ်ယောက် မတ် ၃၁ ရက်နေ့ညမှာပဲ ထပ်မံရှုံးနိမ့်ခဲ့ရတယ်။

ဂျပန်နိုင်ငံ၊ A New Era ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပြီး ဒုတိယအချီမှာတော့ အောင်လရဲ့ ပြင်းထန်တဲ့ခြေကန်ချက်ကြောင့် ဟန်ပျက်လဲကျခဲ့အပြီးမှာတော့ အောင်လက ပွဲသိမ်းလက်သီးတွေ မနားတမ်းပစ်လွှတ်ခဲ့တယ်။ အဲ့ဒါကြောင့် ဟဆဲဂါဝါရှုံးနိမ့်ခဲ့တာပါ။

ဟာဆဲဂါဝါ အနေနဲ့ ပြိုင်ပွဲမတိုင်ခင်လေ့ကျင့်မှုတွေ အကောင်းဆုံးပြုလုပ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတဲ့အပေါ် တွစ်တာကနေ တစ်ဆင့်ပြန်လည်တောင်းပန်ခဲ့ပြီး သူ့ရဲ့အခြေအနေကို ပရိသတ်တွေဆီ အသိပေးခဲ့တယ်။ ပြင်းထန်တဲ့ခြေကန်ချက်ကြောင့် နံရိုးနှစ်ချောင်းကျိုးထွက်ခဲ့ပြီး အဆုတ်ထဲမှာ သွေးနှစ်လီတာအထိ ယိုစိမ့်မှုဖြစ်ပွားခဲ့တယ်လို့သိရတယ်။

လက်ရှိမှာ ဆေးရုံတက်နေရတဲ့ ဟဆဲဂါဝါရဲ့ လူမှုကွန်ယက်အကောင့်မှာ မြန်မာလူမျိုးတစ်ချို့က သွားရောက်ပြီး အမြန်ဆုံးသက်သာလာစေဖို့ ဆုမွန်ကောင်းတွေတောင်းပေးနေကြပါတယ်။



အောင်လအန်ဆန် အနေနဲ့ ဟာဆဲဂါဝါကို အနိုင်ယူခဲ့ပြီး မစ်ဒယ်ဝိတ်ချန်ပီယံကို သုံးကြိမ်မြောက်ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လက်ရှိမှာတော့ အောင်လအန်ဆန် ဟာ ဖိလစ်ပိုင်လူမျိုး MMA ဖိုက်တာကြီး ဗီရာ နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ စိန်ခေါ်မှုကို လက်ခံလိုက်ပြီလို့သိရပါတယ်။

Gabriel
Sourec - Ken Hasegawa

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။