Avengers: Endgame ရဲ့ အမိုက်စား Trailer အသစ် ထွက်ရှိလာပါပြီ

နိုင်ငံတကာက စူပါဟီးရိုးပရိသတ်တွေ တစ်နှစ်လောက်စောင့်မျှော်နေရတဲ့ Avengers: Endgame ဇာတ်လမ်းရဲ့ နောက်ဆုံး Trailer ထွက်ရှိလာပါပြီ။ Avengers: Endgame ကို လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ပြသမှာဖြစ်ပြီး ၂၆ ရက်နေ့မှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း Marvel Studio ဟာ Endgame ရဲ့ official trailer ကို ပွဲထုတ်ခဲ့ပါတယ်။ အခုနောက်ဆုံး Trailer ကိုတော့ ဧပြီလ ၂ ရက်နေ့ အင်္ဂါနေ့တုန်းက ပွဲထုတ်ပြသခဲ့တာပါ။


အရင်လက Trailer မှာ suit အဖြူတွေ ဝတ်ဆင်ထားတဲ့ Captain America ခေါင်းဆောင်တဲ့ Avengers အဖွဲ့ဝင်တွေကို တွေ့မြင်ခဲ့ရပြီး အဲဒီ Avengers တွေထဲမှာ ပရိသတ်တွေမျှော်လင့်နေတဲ့ Iron Man ကို တွေ့မြင်ခဲ့ရတာကြောင့် ဝမ်းပန်းတသာဖြစ်ခဲ့ကြပါတယ်။

အခုအသစ်ထွက်ရှိတဲ့ ဇာတ်ကားနမူနာမှာတော့ ပရိသတ်တွေကို တအံ့တသြဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတွေ ထည့်သွင်းပြသခဲ့တာကြောင့် စူပါဟီးရိုး fan တွေကြားမှာ သို့လောသို့လော တွေးတောစရာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါ့ပြင် အခု Trailer အသစ်မှာ ဇာတ်လမ်းရဲ့အဓိကဗီလိန်ကြီး Thanos ကို ဝတ်စုံတွေ့နဲ့ တွေ့မြင်ကြရတာကြောင့်လည်း fan တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ Infinity War တုန်းက အာကာသထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့ Iron Man တစ်ယောက် ကမ္ဘာမြေကို ပြန်ရောက်လာတဲ့ ဇာတ်ဝင်ခန်း ပါဝင်တာကြောင့်လည်း Iron Man ချစ်သူတွေလည်း ပျော်ရွှင်ခဲ့ကြပါတယ်။


ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်က Infinity War တုန်းကလည်း အကြိုထွက်ရှိခဲ့တဲ့ Official Trailer နဲ့ တကယ့်ရုပ်ရှင်ဟာ ကွဲလွဲမှုတွေရှိခဲ့ဖူးတာကြောင့် မာဗယ်အကြောင်းနောကြေနေတဲ့ ပရိသတ်တွေကတော့ Trailer မှာပါတဲ့ ဇာတ်ဝင်ခန်းတချို့ကိုတော့ သံသယဝင်နေကြပါတယ်။ ပရိယာယ်များလွန်းလှတဲ့ Marvel Studio ဟာ ဇာတ်လမ်းရိုက်ကူးရာမှာလည်း ဇာတ်ညွှန်းနှစ်ခုသုံးခုပြင်ဆင်ထားပြီး ဇာတ်ဝင်ခန်းတချို့ကိုလည်း ဇာတ်ညွှန်းမတူဘဲ နှစ်ခန်းသုံးခန်းခွဲခြားရိုက်ကူးထားတာကြောင့် သရုပ်ဆောင်တွေကိုယ်တိုင် ဇာတ်သိမ်းကို သေချာမသိကြဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ရှိခဲ့ပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် စူပါဟီးရိုးပရိသတ်တွေနဲ့ မာဗယ် fan တွေကတော့ မကြာခင်ရုံတင်ပြသတော့မယ့် Avengers: Endgame အတွက် ကြိုတင်ရင်ခုန်စောင့်စားနေကြပါပြီ။ Infinity War တုန်းကလည်း ဝင်ငွေစံချိန်တင်နိုင်ခဲ့တာကြောင့် Infinity War ထက် စိတ်ဝင်စားမှုပိုများနေတဲ့ Endgame ဇာတ်လမ်းဟာလည်း တစ်ခါမှမကြုံဖူးနိုင်လောက်တဲ့ စံချိန်မျိုးတင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။


Avengers: Endgame ရဲ့ အသစ်ထွက်ရှိထားတဲ့ Trailer လေးကို တစ်ခါတည်းထည့်ပေးလိုက်ပါတယ်နော်။

By Cherry Mon

https://www.facebook.com/marvelstudios/videos/2251969968392688/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။