စည်ပင်ကော်မတီရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုအောင်ခန့်ကို NLD ပါတီ ထုတ်ပယ်

မတ် ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကိုဝင်ပြိုင်ခဲ့တဲ့ ကိုအောင်ခန့် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပယ်ခဲ့တဲ့အကြောင်း ကြေငြာခဲ့ပါတယ်။

အဲ့ဒီကြေငြာစာကို မတ် ၁၉ တည်းက ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး အခု ဧပြီ ၆ ရက်နေ့မနက်ပိုင်းလောက်ကမှ လူမှုကွန်ယက်မှာ ပြန့်နှံ့လာခဲ့တာပါ။ ကြေငြာစာထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စမ်းချောင်းမြို့နယ်မှ ဦးအောင်ခန့် ကို ပါတီအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်ဆိုပြီး NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ချုပ် ဦးဉာဏ်ဝင်း လက်မှတ်နဲ့ ပူးတွဲဖော်ပြထားခဲ့ပါတယ်။

ထုတ်ပြန်ရတဲ့အကြောင်းရင်းကို ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်လိုသူတိုင်းဟာ သက်ဆိုင်ရာမြို့နယ်ကနေ ရန်ကုန်တိုင်း ဗဟိုအလုပ်အမှုဆောင်အထိ အတည်ပြုချက်ရယူဖို့လိုပြီး ပါတီရဲ့ သဘောဆန္ဒမပါပဲ မိမိသဘောအတိုင်း ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင်တော့ ပါတီဝင်အဖြစ်ကနေ  တရားဝင်နှုတ်ထွက်ရမယ်ဆိုပြီး ဇန်နဝါရီ ၁၄ ရက်နေ့စွဲနဲ့ထုတ်ပြန်ကြေငြာပြီးဖြစ်တယ်လို့ NLD ပြန်ကြားရေးအရာရှိ ဦးကြည်တိုး က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။

ဦးကြည်တိုးရေးသားချက်အရ ကိုအောင်ခန့်အနေနဲ့ ပါတီရဲ့ ထုတ်ပြန်ချက်တွေကို သိရှိပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

ကျင်းပပြီးတဲ့ ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲက မြို့တော်ကော်မတီ ၆ နေရာ နဲ့ မြို့နယ်အဆင့် ကော်မတီ ၉၉ နေရာ စုစုပေါင်း ၁၀၅ နေရာမှာ NLD ပါတီက နေရာ ၉၀ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Gabriel


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။