အမြီးပဲရမယ် ... ကျန်တာမရဘူး

အာရှတိုက်က နဂါးကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ ရှီကျင့်ဖျင် က တရုတ်ဟာ နောင်အနှစ် ၃၀ ကြာရင် အမေရိကန်ရဲ့ စစ်အင်အားကို မှီအောင်လုပ်ပြမယ် လို့ ပြောဖူးတယ်။ ဘယ်မှာလဲဆိုတာတော့ မမှတ်မိတော့ဘူး။

အမေရိကန်စစ်တပ်အင်အားကို မှီမမှီဆိုတာထက် ပြီးခဲ့တဲ့ ၂၀၁၁ မေလ တုန်းက ပါကစ္စတန်မှာ အမေရိကန် နေဗီဆီးလ် ( ပင်လယ်ဖျံအထူးတပ်ဖွဲ့ ) တွေ ပြုလုပ်ခဲ့တဲ့ Opeartion : Neptune Spear ( ကြာသပတေးဂြိုဟ်မင်းလှံတံ ) စစ်ဆင်ရေးအကြောင်းကို ပြောပါမယ်။ အဲ့ဒီစစ်ဆင်ရေးဟာ နာရီပိုင်းသာကြာလိုက်ပြီး အမေရိကန်နေဗီဆီးလ် ( ပင်လယ်ဖျံအထူးတပ်ဖွဲ့ ) တွေက တာလီဘန်ခေါင်းဆောင် အိုစမာဘင်လာဒင် ကို သုတ်သင်နိုင်ခဲ့တယ်။ အကြမ်းဖက် ကွန်ယက်တွေအကုန်လုံး တစုတစည်းတည်း ဖမ်းမိသလို သူတို့နဲ့စပ်ဆက်နေတဲ့ မြေအောက် ယူဂျီတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်။ စစ်ဆင်ရေးအောင်မြင်သလို 9/11 အိပ်မက်ဆိုး အတွက်လည်း လက်စားချေခဲ့တယ်လို့ပြောရမယ်။ sweet revenge ပေါ့။

အဲ့ဒီစစ်ဆင်ရေးပြုလုပ်ဖို့ နှစ်တော်တော်ကြာအောင် အချိန်ယူလေ့ကျင့်မှုတွေပြုလုပ်ခဲ့ရသလို ပါကစ္စတန်မြေထဲကို စီအိုင်အေ အေးဂျင့်တွေတော်တော်များများစိမ့်ဝင်မှုတွေလုပ်ခဲ့တယ်။ ရလာတဲ့သတင်းအပိုင်းအစတွေကို ပုံဖော်လိုက်တဲ့အခါမှာတော့ စစ်ဆင်ရေးလုပ်ဖို့အခြေခံအဆောက်အဦတစ်ခုကွက်ကွက်ကွင်းကွင်းပုံပေါ်လာခဲ့တယ်။ အိုစမာ ခိုအောင်းနေတဲ့နေရာဟာ မြို့တော်ကရာချိ ကနေ မိုင်ပေါင်းများစွာဝေးတဲ့ ဒေသတစ်ခုက အိမ်ထဲမှာပါ။ အိမ်ကြီးဟာ လေးဘက်လေးတန်အုတ်တံတိုင်းအလုံခတ်ထားပြီး အနီးအနားမှာ စစ်သင်တန်းကျောင်းတစ်ခုရှိသတဲ့။

အိမ်ကိုဝင်စီးတဲ့နေ့မှာ ပါကစ္စတန် LOC ( နယ်ခြားမျဉ်း ) ကျော်ပြီး အမေရိကန် ဘလက်ဟော့ခ်ရဟတ်ယာဉ်တွေဝင်လာ၊ ပစ်ကြခတ်ကြ တဲ့အထိပါကစ္စတန်တွေမသိကြဘူး။ နောက်ဆုံးပျက်ကျတဲ့ ရဟတ်ယာဉ်ကိုဖောက်ခွဲ၊ ဘင်လာဒင်အလောင်းကြီးသယ်သွားပြီးမှ စစ်တပ်ကရောက်လာတာ .. အဲဒီအချိန်မှာတော့ နေဗီဆီးလ်တွေက ပါကစ္စတန်နယ်မြေအပြင်ရောက်သွားပြီ။ ဘာအဖိတ်အစင်မှမရှိ၊ အေးအေးဆေးဆေးနဲ့ပြီးသွားတယ်။

ပြောစရာရှိလာတာက အဲဒီစစ်ဆင်ရေးမှာ သုံးခဲ့တဲ့ MH - Xs ဆိုင်းလင့်ဟော့ခ် ဟယ်လီကော်ပတာ ဟာ စစ်ဆင်ရေးကြီးတစ်ခုလုံးရဲ့အသက်ပါပဲ။ အဲဒီ ဟယ်လီကော်ပတာဟာ အမေရိကန်စစ်တပ်သုံး သမားရိုးကျ တိုက်ခိုက်ရေး၊ သယ်ယူပို့ဆောင်ရေး ဆီကော့စကီးဘလက်ဟော့ခ် Gun Bird တွေကို အဆင့်မြှင့်တင်ထားတာ။ ဒါပေမယ့် သူအဆင့်မြှင့်တဲ့ပုံကကြမ်းတယ်။ အင်ဂျင်သံကို တိုးနိုင်သမျှတိုးအောင်လုပ်ထားတယ်။ embedded ( မြှပ် ) ထားတဲ့ လက်နက်စနစ်တွေပါတယ်။ ကိုယ်ထည်ကို ရေဒါလုံးဝမပေါ်နိုင်တဲ့ RAM ဆေးသုတ်ထားတယ်။ ပထမတစ်စီး အုတ်နံရံနဲ့ရိုက်မိပြီး ပျက်ကျတော့ ပိုင်းလော့က ပြန်မောင်းမယ်လုပ်တယ်။ အထက်က ငြင်းပြီး ဖျက်ဆီးခိုင်းလို့သာ စုပ်တသတ်သတ် နဲ့ ဖျက်ဆီးခဲ့ရတာ။



အဲ့ဒီအဖြစ်အပျက်တွေပြီးတော့ အမေရိကန်ဖျက်ဆီးမီးရှို့ပစ်ခဲ့တဲ့ ရဟတ်ယာဉ်ရဲ့ အမြီးပိုင်းကြီးကျန်နေခဲ့တယ်။ အဲ့ဓာတ်ပုံတွေအမေရိကန်မြင်တော့ ပြန်ပေးဖို့ ပါကစ္စတန်ကိုပြောရော။ အဲဒီအချိန်မှာပဲ တရုတ်ကြီးက ပါကစ္စတန်ကို ဒေါ်လာ ခြောက်သန်းပေးပြီး ရဟတ်ယာဉ်အမြီးကြီးကို ဓာတ်ပုံရိုက်ခွင့်၊ ဗွီဒီယိုရိုက်ကူးခွင့် နဲ့ ရဟတ်ယာဉ်မှာသုတ်ထားတဲ့ ရေဒါလှိုင်းစုပ် RAM ဆေးတွေကို နည်းနည်းခြစ်ယူခွင့်တောင်းတယ်။ ပါကစ္စတန်က ခွင့်ပေးလိုက်ရော။ အဲ့ဒါတွေအပြီး ဒေါ်လာခြောက်သန်းပိုက်ပြီးမှ ပါကစ္စတန်က အမေရိကန်ရဲ့ ရဟတ်ယာဉ်အမြီးပြတ်ကြီးကိုပြန်ပေးလိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ပါကစ် နဲ့ အမေရိက တို့ကြားထဲက ဆက်ဆံရေးဟာ အဆိုးဆုံးအနေအထားကိုရောက်သွားတယ်။

၂၀၁၃ လဲရောက်ရော တရုတ်က သူ့ရဲ့ပထမဆုံး ကိုယ်ပျောက်ရဟတ်ယာဉ်ကို ထုတ်ပြလာတယ်။ ထုတ်ကြွားတယ်ပေါ့။ တကယ်တော့ ကြွားတယ်ဆိုတာထက် ငါ့မှာ ဒါရှိတယ် .. မင်းတို့ပိုင်နက်ထဲ အချိန်မရွေး ကိုယ်ဖျောက်ဝင်လာလို့ရတယ် .. သတိထားနေကြ ဆိုပြီး တစ်ဖက်လှည့်နဲ့ဖြဲခြောက်တာပါပဲ။ အဲ့ တရုတ်လုပ်ပါတယ် ဆိုတဲ့ ရဟတ်ယာဉ် နာမည်က Z - 20 လို့ခေါ်တယ်။ အရမ်းကိုမိုက်တဲ့၊ ခေတ်ရှေ့ပြေးတဲ့ တီထွင်မှုတစ်ခုပါ။ ပြောစရာရှိတာက Z - 20 ရဲ့ အင်ဂျင် နဲ့ အမြီးက အင်္ဂလန်လုပ် ယူရိုကော်ပတာ ကိုကော်ပီယူထားတာ၊ ကိုယ်ထည် နဲ့ လက်နက်စနစ်က ရုရှလုပ် မီဟိုင်း ရဟတ်ယာဉ် တွေကို အခြေခံထားတာ၊ ရေဒါကတော့ ဘယ်လိုမှကော်ပီယူမရလို့ အစ္စရေးလုပ်ရေဒါကို ဝယ်တပ်ထားတာ။ ကိုယ်ပျောက်တယ်ဆိုတာတော့ သိတဲ့အတိုင်း လင်းယုန်ကြီးရဲ့ အမြီးက ခြစ်ယူထားတဲ့ အစအနတွေပေါ့။ အကုန်လုံးခြုံကြည့်လိုက်ရင် ကြယ်နီတံဆိပ်တပ်ထားတဲ့ အမေရိကန် ဘလက်ဟော့ခ် ကြီးကို မြင်နေရတာပါပဲ။

အမေရိကန်ဟာ သူ့ရဲ့ခေတ်ရှေ့ပြေးစစ်လက်နက်တော်တော်များများကို အရီဇိုးနားသဲကန္တာရထဲက ယူမာလက်နက်စမ်းသပ်ကွင်း ( Yuma Proving Ground ) မှာ စမ်းသပ်တယ်။ လက်နက်အဆန်းတွေကို ဧရိယာ ၅၁ လို့ခေါ်တဲ့ လျှို့ဝှက်နေရာမှာ တီထွင်တယ်။ ပြောချင်တာ ကိုယ့်အားကိုယ်ကိုးပြီး တီထွင်စမ်းသပ်မှုတွေချည်းပါပဲ။ အမေရိကန်ရဲ့ စစ်လက်နက်တော်တော်များများက သူများအပေါ် မှီခိုတာ၊ အခြေခံတာ၊ အင်စပိုင်ရေးရှင်း ယူတာတွေသိပ်မရှိဘူး။ နောက်ဆုံး ဒုတိယကမ္ဘာစစ်သုံး အမေရိကန်လုပ် အမ်ဝမ်း ဂရန်း ရိုင်ဖယ် တောင် ကိုယ့်ဟာကိုယ်လုပ်တာပါ။

အမေရိက လိုနိုင်ငံမျိုးစစ်လက်နက်ရောင်းတယ်ဆိုတာ တစ်ကွက်ချန်ပြီးရောင်းတာမျိုး။ ဥပမာ F 35 Lightning လို ပဉ္ဇမမျိုးဆက်လေယာဉ်တွေရောင်းလိုက်တယ်ထား။ အက်ဖ် ၃၅ တွေဟာ ကမ္ဘာပေါ်မှာ ပြိုင်စံရှားဖြစ်လာဖို့ ရည်မှန်းထားတဲ့လေယာဉ်တွေ .. ဒီလေယာဉ်တွေ သူများလက်ထဲကို အလွယ်လေး ရော့အင့် ဆိုထိုးပေးပြီး နားရွက်တံတွေးဆွတ်ခံရမယ့်အရေးကို လင်းယုန်ကြီးဘယ်တော့မှမလုပ်ပါဘူး။ ရောင်းတယ်ဆိုတာလည်း သူ့မှာ အဲ့ဒီ F 35 လိုကောင်မျိုးတွေနဲ့ပြန်တိုက်လာရင် counter ပြန်လုပ်ရမယ့် နည်းပညာရှိနေလို့ပဲ။

တရုတ်နိုင်ငံဟာ inspiration ယူတဲ့နေရာမှာတော့ တော်တော်ကောင်းပါတယ်။ အဲ့ဒီ inspiration ကြောင့်ပဲ အခုလိုအင်အားကြီးနိုင်ငံဖြစ်လာတယ်။ ကမ္ဘာမှာဝင်ဆံ့လာတာမှန်တယ်။ ဒါပေမယ့် သူများခူးခပ်ပြီးသားကို အရန်သင့်ထိုင်စားတာမျိုး၊ ငါးကြင်းဆီ နဲ့ ငါးကြင်းပြန်ကြော်ချင်တာမျိုး စိတ်ဓာတ်နဲ့ကတော့ အမြဲတမ်းတစ်ကွက်အချန်ခံရမှာပဲ။ ရှီ ပြောချင်တဲ့ နောက်အနှစ် ၃၀ ကျရင် အမေရိကန်စစ်တပ်ကို အမှီလိုက်မယ်ဆိုတာ တကယ်တော့ လင်းယုန်ကြီး ဘာမှမလုပ်ပဲ ထိုင်နေတဲ့အခါကျမှ မှီမှာကို ပြောတာထင်ပါရဲ့ ....

Gabriel
Source - Relentless Strike, Codename : Geronimo နှင့် ရဲမြင့် ( ၈၈ ) တို့၏ ဆောင်းပါးများကို မှီပြီး research လုပ်ပါသည်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။