ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေသာ သိနိုင်မယ့် ပြဿနာများ

လူတော်တော်များများက ခန္ဓာကိုယ်သွယ်သွယ်လျလျလေး ဖြစ်ချင်ကြပါတယ်။ အဲဒါကြောင့်လည်း အဆီမတက်အောင် ပိန်အောင် ဝိတ်ထိန်းကြတာ ဝိတ်ချကြတာတွေ လုပ်နေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ပိန်သွယ်သူလေးတွေကြပြန်တော့လည်း အဲဒီသွယ်လျတဲ့ ခန္ဓာကိုယ်ကြောင့် ရင်ဆိုင်ရတဲ့ပြဿနာလေးတွေ ရှိနေပါတယ်။


အဲဒါကြောင့် ပိန်ပိန်သွယ်သွယ် ကောင်မလေးတွေသာ သိနိုင်မယ့် ပြဿနာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ဝတဲ့သူတွေတင် body shaming လုပ်ခံရတာမဟုတ်ပါဘူး။ ပိန်တဲ့ကောင်မလေးတွေကိုလည်း “ပိန်လိုက်တာဟယ်” ဆိုတာမျိုး ဒါမှမဟုတ် “အစားများများစား” ဆိုတာမျိုး ပြောဆိုတတ်ကြပါတယ်။ အမှန်တော့ စားတိုင်းဝလာနိုင်တာမဟုတ်ပါဘူး။


(၂) ပုံမှန် size ရှိတဲ့ ဘောင်းဘီတွေ စကပ်တွေဆိုရင် ခြေထောက်အရှည်နဲ့ အံကိုက်ဖြစ်ပေမဲ့ ခါးနေရာမှာ ချောင်နေတတ်ပါတယ်။ အဲဒါကြောင့် သေးသွယ်တဲ့ခါးနဲ့ တော်မယ့် ဘောင်းဘီနဲ့ စကပ်တွေကိုရွေးရတာဟာ ပိန်သွယ်တဲ့ကောင်မလေးတွေအတွက် ပြဿနာတစ်ခုပါပဲ။


(၃) ပြည့်ပြည့်၀၀ကောင်မလေးတွေအတွက် အံကိုက်ဖြစ်ပြီး ကြည့်ကောင်းတဲ့ body fit လို အင်္ကျီမျိုးတွေဟာ ပိန်သွယ်တဲ့ကောင်မလေးတွေအတွက်တော့ ချောင်နေတတ်တာကြောင့် ဝတ်ချင်ပေမဲ့ လက်ရှောင်ထားရပါတယ်။


(၄) သူများတွေလို သွေးလှူချင်တာတောင် လှူလို့မရပါဘူး။ အကြောင်းကတော့ ပိန်သွယ်တဲ့ကောင်မလေး အတော်များများဟာ သွေးလှူဖို့လိုအပ်တဲ့ အလေးချိန် ပေါင် ၁၁၀ မပြည့်လို့ပါပဲ။


(၅) လေနည်နည်းတိုက်ရုံနဲ့ “လွင့်ထွက်သွားဦးမယ်” လို့ အမြဲအစအနောက်ခံရတာဟာလည်း ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေပါပဲ။


(၆) ပိန်သွယ်တဲ့ ကောင်မလေးတွေ ခါးပတ်သုံးတဲ့အခါ သေးသေးသွယ်သွယ်ခါးလေးနဲ့ တော်အောင် ခါးပတ်မှာ နဂိုပါတဲ့အပေါက်ထက်ပိုပြီး နောက်ထပ်အပေါက်လေးတွေ ထပ်ဖောက်မှ ရပါတယ်။


(၇) လူအများကြီးစုပြီး ကားတစ်စီးထဲ စီးကြတဲ့အခါမှာဆိုရင် သူများလိုနေရာတစ်ခုမရဘဲ သူများပေါင်ပေါ်မှာ တက်ထိုင်ပြီးလိုက်ရတာလည်း ပိန်သွယ်တဲ့ကောင်မလေးတွေရဲ့ ပြဿနာပါ။


(၈) နည်းနည်းချောင်တဲ့ ဂျင်းဘောင်းဘီတွေဝတ်တဲ့အခါ အကျႌခါးတိုလေးတွေနဲ့ တွဲဝတ်ချင်ရင်လည်း ဝတ်လို့ မရပါဘူး။ ထိုင်တဲ့အခါ ခါးအနောက်ဘက်မှာ ခါးနဲ့ဘောင်းဘီဟာ အတော်ကွာဟနေတတ်လို့ပါပဲ။


(၉) လူကြီးဝတ်တဲ့ size ထဲက အသေးဆုံးကို ရှာဝတ်ရင်တောင် ချောင်နေတတ်တာကြောင့် တစ်ခါတလေမှာ ကလေးဝတ်ထဲက အကြီးဆုံး size ကို ရှာဝတ်ရတတ်ပါတယ်။


(၁၀) အဝတ်အစားတွေ Discount ချလို့ ဝယ်မယ်ကြံလိုက်ရင်  အရောင်နဲ့ဒီဇိုင်းကြိုက်ရင်တောင်မှ ဟန်ဆောင်ပြီးတောင် ဝတ်လို့မရတဲ့ size ကြီးကြီးတွေကြောင့် လက်လျှော့ကြရတာဟာလည်း ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေရဲ့ ပြဿနာတစ်ခုပါပဲ။


by Cherry Mon


Ref; Yourtango, BuzzFeed

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။