ဘယ်လိုသင်္ကြန်မျိုး ဆင်နွှဲမှာလဲ၊ ရေပုံးသင်္ကြန်လား လုံးစေ့သင်္ကြန်လား

မြန်မာတို့ရဲ့ သင်္ကြန်ပွဲတော်ဟာ တခြားအရာတွေလိုပဲ နှစ်တွေကြာလာတာနဲ့အမျှ ခေတ်အလိုက် တဖြည်းဖြည်း ပြောင်းလဲလာပါပြီ။ ဟိုအရင်က သပြေခက်နဲ့ရေပက်ခဲ့တဲ့ သင်္ကြန်ဟာ အခုအချိန်မှာ ခွက်စောင်းခုတ်တာနဲ့ ရေပိုက်နဲ့ထိုးတာကိုပဲ ပိုအလေးသာလာခဲ့ပါပြီ။ တစ်ခေတ်နဲ့တစ်ခေတ်၊ တစ်နယ်နဲ့တစ်နယ်လည်း သင်္ကြန်ကို ဆင်နွှဲကြပုံချင်း အနည်းနဲ့အများဆိုသလို ကွာခြားမှုလေးတွေရှိပါတယ်။ အဲဒါကြောင့် စာရေးသူကြုံခဲ့ရဖူးတဲ့ တခြားမြို့တွေနဲ့ ရန်ကုန်က သင်္ကြန်ပွဲတော် ကွာခြားပုံအကြောင်းကို ခေါင်းစဉ်လေးတွေခွဲပြီး အနည်းအကျဉ်း တင်ပြပါရစေ။


ရေပုံးသင်္ကြန်


ရေပုံးသင်္ကြန်ဆိုတာ ရေခွက်လေးတွေ၊ ရေပုံးလေးတွေနဲ့ ရေပက်ကြတဲ့ သင်္ကြန်ပွဲတော်ဆင်နွှဲပုံကို အလွယ် တင်စားလိုက်တာပါ။ အဲဒီလိုသင်္ကြန်မျိုးကိုတော့ ရန်ကုန်မှာရော တခြားနယ်တွေမှာပါ ဆင်နွှဲနေကြတုန်းပါပဲ။ ရန်ကုန်မှာတော့ အဲဒီလို ရေပုံလေးတွေနဲ့ ရေပက်ဖျန်းကြတဲ့ ဓလေ့ဟာ ရှားပါးသွားပေမဲ့ ရပ်ကွက်ထဲက ကလေးတွေကတော့ အဲဒီလိုနည်းလေးနဲ့ ဆင်နွှဲတတ်ကြပါတယ်။ လူအတော်များများဟာ ငယ်ငယ်က အဲဒီလို ရေပုံးလေးတွေနဲ့ ရေလိုက်လောင်းဖူးကြသူချည်း ဖြစ်တာကြောင့် ငယ်ဘဝကို အမှတ်ရနေစေမယ့် သင်္ကြန်ဆင်နွှဲပုံမျိုးလို့ ဆိုနိုင်ပါတယ်။


စက်ဘီးသင်္ကြန်


နယ်မြို့တွေမှာပဲ အဓိကတွေ့နိုင်မယ့် ချစ်စရာကောင်းတဲ့ သင်္ကြန်ဆင်နွှဲနည်းလေးတစ်မျိုးပါ။ တချို့မြို့တွေမှာ ထွေထွေထူးထူး စီစဉ်ထားတာမရှိဘဲ ထသွားချင်တဲ့အချိန်မှ အိမ်ကစက်ဘီးလေးကိုစီးပြီး အနီးဝန်းကျင်ကို လိုက်ကြည့်ရင်း ရေပက်ခံထွက်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုထွက်တယ်ဆိုရင်တော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရှုပ်ထွေးနေတဲ့ နေရာတွေမှာ အထူးသတိထားကြဖို့ မေတ္တာရပ်ခံပါရစေ။


ဆိုင်ကယ်သင်္ကြန်


ဆိုင်ကယ်နဲ့ လည်ပတ်ပြီး သင်္ကြန်ပွဲတော်ဆင်နွှဲတာမျိုးကိုလည်း ရန်ကုန်ကလွဲလို့ တခြားမြို့တွေမှာ တွေ့နိုင်ပါတယ်။ ရန်ကုန်မှာတော့ အတော်လေးတွေ့ရခဲမှာပါ။ ဆိုင်ကယ်နဲ့ နှစ်ယောက်တစ်တွဲဖြစ်ဖြစ်၊ ဆိုင်ကယ်သုံးလေးစီးနဲ့ အဖွဲ့လိုက်ဖြစ်ဖြစ်၊ မန္တလေးနဲ့ တခြားမြို့နယ်တွေမှာ သင်္ကြန်လည်လေ့ရှိကြပါတယ်။ တချို့ကလည်း ဆိုင်ကယ်သံအကျယ်ကြီးတွေ တမင်ဖန်တီးပြီး ခပ်ကြမ်းကြမ်းလည်တဲ့သူတွေလည်း ရှိပါတယ်။


လုံးစေ့သင်္ကြန်


လုံးစေ့တွေကို ရေထဲမှာစိမ်ပြီး ရေပက်တဲ့ ချစ်စရာဓလေ့လေးကိုတော့ တနင်္သာရီတိုင်းနဲ့ မြိတ်မြို့တစ်ခွင်မှာ တွေ့မြင်နိုင်ပါတယ်။ လုံးစေ့ဟာ မြိတ်မြို့က အလှူမင်္ဂလာပွဲတွေမှာလည်း သောက်စရာဖျော်ရည်အဖြစ် တည်ခင်းဧည့်ခံကြတဲ့ စားစရာတစ်မျိုးဖြစ်ပါတယ်။ လုံးစေ့ကို အထက်ပိုင်းဒေသတွေမှာတော့ ပင်ပွှားလို့လည်း သိကြပါတယ်။ မြိတ်မှာ သင်္ကြန်ကျပြီးရင်တော့ အင်္ကျ ီတွေမှာကပ်နေတဲ့ လုံးစေ့လေးတွေကို သေချာပြန်လျှော်ဖို့ မမေ့ပါနဲ့။


ကားသင်္ကြန်


ကားနဲ့လည်ကြတဲ့ သင်္ကြန်ကိုတော့ မြန်မာတစ်နိုင်ငံလုံးမှာ တွေ့နိုင်တာကြောင့် အထူးအဆန်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကားနဲ့လည်တဲ့အခါ မနက်စောစောထွက်ဖို့နဲ့ ကားကြပ်နိုင်တဲ့ နေရာတွေကို အရင်ဆုံး မသွားမိဖို့ ကြိုတင်သတိပေးပါရစေ။ မဟုတ်ရင် အဲဒီတစ်နေရာတည်းမှာပဲ ကားပိတ်မိပြီး တစ်နေကုန်သွားတာမျိုး ကြုံရနိုင်ပါတယ်။ စာရေးသူရဲ့ ကိုယ်တွေ့လေးပါ။


အုတ်နီခဲသင်္ကြန်


အုတ်နီခဲနဲ့ သင်္ကြန်ဆင်နွှဲရတာမျိုးကတော့ ဘယ်မှာမှ မရှိနိုင်အောင် ရှားပါတယ်။ စာရေးသူတစ်သက်မှာတောင် တစ်ခါပဲကြုံခဲ့ဖူးပါတယ်။ စာရေးသူငယ်ငယ်က သင်္ကြန်ဆိုတာဘာမှန်းမသိလောက်အောင် အေးဆေးငြိမ်သက် တဲ့ တောင်ပေါ်မြို့လေးမှာ နေခဲ့တုန်းက ကြုံခဲ့တာပါ။ စာရေးသူနဲ့ ဝန်ထမ်းလိုင်းခန်းက ကလေးတစ်သိုက် ရေပက်စရာမရှိ ရေပက်စရာလူရှာရင်းနဲ့ လမ်းပေါ်က စက်ဘီးနဲ့ဖြတ်သွားတဲ့ ဦးလေးကြီးတစ်ယောက်ကို ရေလိုက်ပက်ကြပါတယ်။ ရေပက်ခံလိုက်ရတဲ့ ဦးလေးကြီးက ကလေးတွေရဲ့ရှေ့ကဖြတ်သွားအပြီး တစ်နေရာ မှာ စက်ဘီးကိုရပ်လိုက်ပါတယ်။ ကိုယ်တွေကလေးတစ်သိုက်လည်း တအံ့တသြလှမ်းကြည့်မိတော့ မျက်စိထဲမှာ တန်းမြင်လိုက်တာက သူကိုင်ထားတဲ့ အုတ်နီခဲကြီးပါ။ အဲဒီလိုနဲ့ တစ်ချိုးတည်း ခြေသုတ်တင်ပြေးကြရင်း အုတ်နီခဲသင်္ကြန်ကို ဖြတ်သန်းခဲ့ဖူးတာပါ။


မဏ္ဍပ်သင်္ကြန်


မဏ္ဍပ်နဲ့ သင်္ကြန်ပွဲဆင်နွှဲကြပုံကိုတော့ ရန်ကုန်မှာရော တခြားမြို့တွေမှာပါ တွေ့နိုင်ပါတယ်။ မဏ္ဍပ်တွေကလည်း ဌာနဆိုင်ရာမဏ္ဍပ်၊ စီးပွားရေးမဏ္ဍပ်နဲ့ တစ်နိုင်တစ်ပိုင်မဏ္ဍပ် အမျိုးမျိုးရှိပြီး အဲဒီအထဲမှာ တစ်နိုင်တစ်ပိုင်လုပ်ထားတဲ့ အုန်းလက်မဏ္ဍပ်လေးတွေက ချစ်စရာအကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံးပါပဲ။


သင်္ကြန်ပွဲတော်ကို ဘယ်လိုပုံစံမျိုးနဲ့ပဲ ဆင်နွှဲဆင်နွှဲ၊ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စရာ ဆင်နွှဲနိုင်ကြပါစေ။


by Cherry Mon




 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။