အာလူးကြော် စားသူများ စောစောသေဆုံးနိုင်ခြေရှိ

အာလူး ကို ဘယ်လိုချက်သလဲ ဆိုတာက သင့်ကျန်းမာရေးအတွက် အဓိက သော့ချက်ပါ။

American Journal of Clinical Nutrition found မှာ ဖော်ပြထားတဲ့ လေ့လာမှု တစ်ခုအရ တစ်ပတ်မှာ အာလူးကြော် နှစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ထက် ပိုစားသူတွေက စောစောသေနိုင်ကြောင်း သိရပါတယ်။

ကြော်ထားတာ မဟုတ်တဲ့ အာလူး ကို စားသုံးခြင်းကတော့ သေဆုံးနိုင်ခြင်း နဲ့ ဆက်နွယ်မှု မတွေ့ရဘဲ အာလူးကြော် စားသုံးခြင်းသည်သာလျှင် သေဆုံးမှုကို ပိုမိုစောစေတာပဲ ဖြစ်ပါတယ်။

အာလူးလို ကစီဓာတ် များတဲ့ အစားအစာတွေကို ကြော်တဲ့အချိန်၊ အပူချိန် မြင့်မြင့် နဲ့ ဖုတ်တဲ့အချိန်မှာ အခရစ်လမိုက်ဒ် (Acrylamide) လို့ ခေါ်တဲ့ ဓာတုအဆိပ် တစ်မျိုး ထွက်လာပါတယ်။

ဓာတ်ခွဲခန်းတိရာစ္ဆာန်တွေနဲ့စမ်းသပ်ရာမှာတော့ အဲဒီ ဓာတ်ပစ္စည်းဟာ ကင်ဆာဖြစ်စေပြိး လူသားတွေအနေနဲ့လည်း အဆိပ်သင့်နိုင်မယ့် အန္တရာယ်ရှိပါတယ်။

အခရစ်လမိုက်ဒ် ဟာ ကင်ဆာ ဖြစ်နိုင်ချေ ရှိတဲ့ အရာတစ်မျိုးပါ။

လေ့လာမှုကို ဦးဆော်သူ၊ အီတလီ၊ ပါဒိုဗာ အမျိုးသားသုတေသနကောင်စီ

မှ သိပ္ပံပညာရှင် Dr. Nicola Veronese က “ အာလူးကြော် စားသူ အရေ အတွက် ဟာ ကမ္ဘာတဝှမ်းလုံး မှာ တိုးတက်နေပါတယ် ” လို့ ပြောကြား ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် မှာ အမေရိကန် တွေရဲ့ အာလူးစားနှုန်း ဟာ တစ်ဦး လျှင် ၁၁၂.၁ ပေါင် ရှိကြောင်း အမျိုးသား အာလူးကောင်စီ (National Potato Council) လို့ ခေါ်တဲ့ စိုက်ပျိုး ရောင်းဝယ်သူများ အကြား ဝန်ဆောင်မှု ပေးတဲ့ ဌာနတစ်ခုရဲ့ မှတ်တမ်းများအရ သိရပါတယ်။

စားလိုက်သမျှ အာလူး တွေထဲမှာ ၃၃.၅ ပေါင် ဟာ အာလူးကြော် ဖြစ်ပြီး၊ ၇၈.၅ ပေါင် ဟာ ချက်ပြုတ်ခြင်း စတဲ့ အခြားနည်းလမ်းတွေနဲ့ စားသောက် ကြတာပါ။

အမေရိကန် စိုက်ပျိုးရေးဌာန ရဲ့ စာရင်းဇယားများ အရ အမေရိကန် တွေ စားသမျှ အာလူး အများစုဟာ French fries လို့ ခေါ်တဲ့ အာလူးချောင်း ကြော်များ ဖြစ်ကြပါတယ်။

လေ့လာသူ တွေ အနေနဲ့ အသက် ၄၅ မှ ၇၉ အတွင်း လူပေါင်း ၄၄၄၀ ကို ရှစ်နှစ်ကြာ စောင့်ကြည့်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ကနဦး ရည်ရွယ် ချက် ကတော့ အရိုးအဆစ် ယောင်ယမ်းနာ (osteoarthritis) အတွက် ရေရှည်စောင့်ကြည့်ရန် ဆောင်ရွက်ခဲ့ခြင်းပါ။

သုနေသနအသင်းဟာ သူတို့ လေ့လာစောင့်ကြည့်ရန် ရွေးချယ်ခဲ့တဲ့ လူနာတွေရဲ့ အာလူး စားသုံးမှုကိုပါ ပူးတွဲ စောင့်ကြည့်ခဲ့ရာမှာ အာလူး စားသည့် အကြိမ်အရေအတွက်ကို လိုက်ပြီး အဖွဲ့များ ထပ်မံခွဲခြား လေ့လာ ခဲ့ပါတယ်။ရှစ်နှစ် အကြာမှာ စုစုပေါင်း လူနာ ၂၃၆ ဦး သေဆုံးခဲ့ပါတယ်။

အဖွဲ့တစ်ခုချင်းစီ ရဲ့ အချက်အလက်များ ကို စစ်တမ်းကောက်ခဲ့ရာမှာ တစ်ပတ်ကို အာလူးကြော် နှစ်ကြိမ်ထက် ပိုစားသူများဟာ သေဆုံးနိုင်ခြေပိုမြင့်ကြောင်း တွေ့ရှိရပါတယ်။

အာလူးကြော် လုံးဝမစားသူများဟာ သေဆုံးဖို့ အခွင့်အလမ်း နှိုင်းယှဉ်ချက် အရ နည်းပါးနေတာကို တွေ့ခဲ့ပါတယ်။လေ့လာမှု အတွင်း လိင်ကွဲပြားမှု ဟာ ရလဒ်အပေါ်မှာ သက်ရောက်မှု မရှိခဲ့ပါဘူး။

ဒါပေမယ့် အချက်အလက်များ အရ အမျိုးသားများ ဟာ အမျိုးသမီးများ ထက်၊ လူငယ်များ ဟာ အသက်ကြီးသူများထက် အာလူးကြော် ပိုမို စားသုံးဖြစ်တာကို တွေ့ခဲ့ရပါတယ်။

REF:CNN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။