ခွေးလေးတွေရဲ့ ထူးဆန်းထွေလာ အကြောင်းအရာများ

ခွေးလေးတွေဟာ ချစ်စရာကောင်းသလို သစ္စာလည်းရှိကြတဲ့ သတ္တဝါလေးတွေပါ။ လူတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်တာကြောင့် လူတွေအများဆုံးမွေးမြူကြတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်းမသိနိုင်လောက်တဲ့ ခွေးလေးတွေအကြောင်းကို ခွေးချစ်သူတွေအတွက် ဝေမျှပေးလိုက်ပါတယ်။


(၁) ခွေးလေးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀ လောက်က ရှိခဲ့တဲ့ Miacis လို့ခေါ်တဲ့ သတ္တဝါကနေ အဆင့်ဆင့် ဆင့်ကဲပြောင်းလဲလာတာ ဖြစ်ပါတယ်။


(၂) စပျစ်သီးနဲ့ စပျစ်သီးခြောက် ပမာဏနည်းနည်းလေးက ခွေးလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ချောကလက်၊ ချက်ပြုတ်ထားတဲ့ ကြက်သွန်နီနဲ့ ကဖိန်းဓာတ်ပါတဲ့ စားစရာတွေကလည်း ခွေးလေးတွေကို ထိခိုက်စေပါတယ်။


(၃) အာဆင်းနစ်ဓာတ်ပါတဲ့ ပန်းသီးနဲ့ သစ်တော်သီးစေ့တွေက ခွေးလေးတွေကို အသက်အန္တရာယ်ထိခိုက်တဲ့ အထိ ဖြစ်စေပါတယ်။


(၄) ခွေးလေးတွေရဲ့ လက်ဖဝါး၊ ခြေဖဝါးလေးတွေမှာ ချွေးပေါက်လေးတွေ ရှိပါတယ်။


(၅) ၂၀၀၃ ခုနှစ်မှာ ဒေါက်တာရော်ဂျာ်မက်ဂ်ဖို့ထ်က ခွေးလေးတွေရဲ့ စိတ်အခြေအနေကို တိုင်းတာနိုင်မယ့် “wagometer” ဆိုတဲ့ ကိရိယာတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ အဲဒီကိရိယာဟာ ခွေးလေးတွေကို အမြီးယမ်းတာ ကို တိုင်းတာပြီး သူတို့ရဲ့ စိတ်အခြေအနေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။


(၆) ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ခွေးလေးတွေကို အလေးထားကြပါတယ်။ သူတို့ရဲ့အိမ်မွေးခွေး တစ်ကောင် သေသွားတဲ့အခါ ခွေးပိုင်ရှင်က သူတို့ရဲ့ မျက်ခုံးမွှေးတွေကို ဖြတ်တောက်ပြီး ပိုင်ရှင်ရဲ့ဆံပင်မှာ ရွှံ့နဲ့မံကာ ရက်ပေါင်းများစွာ ကျယ်ကျယ်လောင်လောင် အော်ဟစ်မြည်ကြွေးကြပါတယ်။


(၇) တစ်ယောက်နဲ့တည်းနဲ့ ခွေးအများဆုံး ပိုင်ဆိုင်ခဲ့သူကတော့ မွန်ဂိုဘုရင် ကူဗလိုင်ခန်ပဲဖြစ်ပြီး Mastiff အမျိုးအစားခွေးပေါင်း ၅,၀၀၀ ကို ပိုင်ဆိုင်ခဲ့ပါတယ်။


(၈) ပေါ်ပြူလာအဖြစ်ဆုံး ခွေးအထီးနာမည်တွေကတော့ မက်စ်နဲ့ ဂျိတ်ခ်ဖြစ်ပြီး ခွေးအမနာမည်တွေကတော့ မက်ဂီနဲ့ မော်လီတို့ပါပဲ။


(၉) အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗန်ကျူရာစီရင်စုမှာ ခွေးတွေရော ကြောင်တွေပါ ခွင့်ပြုချက် မရှိဘဲ မိတ်လိုက်ခွင့်မရှိပါဘူးတဲ့။


(၁၀) တရုတ်ဗေဒင်အရဆိုရင် ခွေးတွေရဲ့သင်္ကေတဟာ သစ္စာရှိပြီး သိတတ်လိမ္မာတဲ့သဘော ဆင်ခြင်ဉာဏ် ရှိတဲ့ သဘောကို ဆောင်ပါတယ်။


by Cherry Mon


Ref; FactRetriever

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။