ကျွဲစာခွက်ထဲကို ကျွမ်းကျင်စွာ အစာဖြည့်ထည့်ပေးခဲ့တဲ့ ခွေးလိမ္မာလေး

ခွေးလေးတွေဟာ အကင်းပါးပြီး အံ့သြစရာကောင်းလောက်အောင် သိတတ်လိမ္မာတဲ့ သတ္တဝါလေးတွေပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အဖြူရောင်ခွေးလေးတစ်ကောင်ဟာ ကျွဲတစ်ကောင်ရဲ့အစာခွက်ထဲကို အစာဖြည့်ပေးနေတဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ ဒါတင်မကဘဲ အဲဒီချစ်စရာကောင်းတဲ့ ဗီဒီယိုလေးနဲ့ အဲဒီသတင်းဟာ Daily Mail နဲ့ Head Topics အပါအဝင် နိုင်ငံတကာသတင်းစာမျက်နှာတွေမှာပါ နေရယူသွားခဲ့ပါတယ်။

အဲဒီဗီဒီယိုမှာ အိန္ဒိယနိုင်ငံ၊ ဘတ်သင်ဒါမြို့တော်တစ်နေရာက တင်းကုပ်တစ်ခုမှာ ရှိတဲ့ ကျွဲတစ်ကောင်ရဲ့ အစာခွက်ထဲကို အဖြူရောင်ခွေးလေးက မြက်တွေကိုက်ချီပြီး အစာဖြည့်ပေးခဲ့ပါတယ်။ ကျွဲအစာစားတာကို စောင့်ကြည့်နေတဲ့ အဲဒီခွေးလေးဟာ အစာကုန်ခါနီးမှာ လယ်တောဘက်ဆီ အပြေးသွားရောက်ပြီး မြက်တစ်စုကို သူ့ပါးစပ်လေးနဲ့ ကိုက်ချီနိုင်သလောက် ချီယူလာခဲ့တာပါ။


ဗီဒီယိုအရဆိုရင် ခွေးလေးဟာ အဲဒီလို အစာဖြည့်ပေးနေကျ ဖြစ်ဟန်တူပြီး အဲဒါကိုသိနေပုံပေါ်တဲ့ ကျွဲဟာလည်း ခွေးလေးအစာဖြည့်ပေးနေတာကို အန္တရာယ်မပြုဘဲ စိတ်ရှည်ရှည်စောင့်ကြည့်နေခဲ့ပါတယ်။ အဲဒီလို ချစ်စရာကောင်းတဲ့ မြင်ကွင်းလေးကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ မြင်ရသူအပေါင်းကို စိတ်ကြည်နူးစေခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။

https://videos.dailymail.co.uk/preview/mol/2019/04/09/6823004425554513597/636x382_MP4_6823004425554513597.mp4


 by Cherry Mon


Ref; Daily Mail, Head Topics


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။