လက်နက်အသစ်အဆန်းများဖြင့် " ၀ " နှစ်သုံးဆယ်ပြည့်အခမ်းအနားကို ကျင်းပဖွယ်ရှိ

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ အင်အားကြီးအဖွဲ့တစ်ခုဖြစ်သော ၀ ပြည်သွေးစည်းရေးတပ်မတော် ( UWSA ) သည် မြန်မာနိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားခြင်း နှစ်သုံးဆယ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ခမ်းခမ်းနားနားကျင်းပသွားရန် စီစဉ်လျက်ရှိသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ်ရှိ ၀ မြို့တော် ပန်ဆန်း တွင် ဧပရယ် ( ၁၅ ) ရက်မှစတင်ပြီး ၁၈ ရက်ထိ ( ၄ ) ရက်တာ ကျင်းပမည့်အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၊ အာရှရေးရာအထူးသံတမန်ဖြစ်သူ ဆွန်ကော့ရှန် နှင့် ယူနန်နယ်မှအရာရှိများလည်းတက်ရောက်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ကိုလည်း ဖိတ်ကြားပြီးဖြစ်သည်ဟုသိရသည်။ ၀ စစ်ဦးစီးချုပ် ဦးပေါက်ယူချန်းကိုလည်း မီဒီယာများသတင်းဓာတ်ပုံရယူနိုင်ရန် ဖိတ်ကြားထားသည်ဟုသိရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ( ဗကပ ) နှင့် လမ်းခွဲပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်၊ ဧပရယ် ၁၇ တွင် ဝပြည်တပ်မတော် UWSA ဟု စတင်တည်ထောင်ခဲ့သည်။ ထို့နောက် သန္ဓေအင်အား သုံးသောင်း၊ အရန်တပ် တစ်သောင်း၊ ခေတ်အမီဆုံးလက်နက်ပစ္စည်းများတပ်ဆင်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် UWSA က တက်လှမ်းနိုင်ခဲ့သည်။

စစ်ရေးပြပွဲနေ့တွင် ၀ တပ်မတော်သည် ရှိရင်းစွဲသမားရိုးကျလက်နက်များအပြင် အဆင့်မြင့်ခေတ်မီလက်နက်ခဲယမ်းများကိုပါ ပြသမည်ဟု အာရှအခြေစိုက်သတင်းစာတစ်စောင်က ရေးသားသည်။ UWSA တွင် လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( CLA ) အသုံးပြုခဲ့သည့် ပုံစံ ( ၈၁ ) T 81 ချေမှုန်းရေးရိုင်ဖယ်ကို ပုံစံပြောင်းပြီး အဆင့်မြှင့်တင်ထားသော QBZ - 95 ရိုင်ဖယ်များကို လက်ရှိ ၀ ပြည်တပ်မတော်တွင် အသုံးပြုနေသည်။

ထို့ပြင် မြေပြင်တပ်ဖွဲ့ဝင်များအသုံးပြုသော ပခုံးထမ်း MANPAD အနိမ့်ပျံချေမှုန်းရေးဒုံးလောင်ချာများကိုလည်း စတင်မြင်တွေ့ရဖွယ်ရှိသည်ဟု ဆိုသည်။ သမားရိုးကျလက်နက်များတွင် တရုတ်လုပ် CS/LS06 စက်သေနတ်အပေါ့စားများနှင့် M 99 12.7 Anti-material တင့်ဖျက်ရိုင်ဖယ်များကိုလည်း အသစ်ထည့်သွင်းပေးထားသည်။

ဝပြည် အမြောက်တပ်နှင့်ပတ်သက်ပြီး ဂျစ်ကားဖြင့်တင်ဆောင်ပစ်ခတ်ရသော တင့်ဖျက်လောင်ချာများအပြင် နိုရင်ကို ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်များ နှင့် surface to surface free flight ဒုံးလက်နက်ပမာဏအတော်များများလည်း ထည့်သွင်းပြသမည်ဟု သိရသည်။

စစ်ရေးပြအခမ်းအနားကို ၀ လူငယ် ၅၀၀ ခန့်နှင့်ပြုလုပ်မည်ဖြစ်ပြီး ရိုးရာအကအလှများထည့်သွင်းမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာအစိုးရသည် ၀ တပ်မတော်ကို NCA လက်မှတ်ရေးထိုးရန် ဖိအားပေးနေသော်လည်း  ဝတပ်မတော်အနေဖြင့် စာချုပ်ပါအချက်အလက်တစ်ချို့ကို ကနဦးပြင်ဆင်ပေးရန် လိုလားနေသည်။

Gabriel
Source - Reuters

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။