သူ့ကိုရေလောင်းချင်ရင် အင်းလျားလမ်းလျှောက်သင်္ကြန်ကို လာပါဆိုတဲ့ မမြတ်လေး

ပြည်သူ့အချစ်တော် မင်းသမီးလေးအေးမြတ်သူကတော့ သူ့ကို ရေလောင်းချင်တယ်ဆိုရင် အင်းလျားလမ်းက လမ်းလျှောက်သင်္ကြန်ကိုလာပါလို့ သင်္ကြန်အကြိုနေ့မတိုင်ခင် တစ်ရက်ကတည်းက ပရိသတ်တွေကို ဖိတ်ခေါ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက သင်္ကြန်အချိန်ရောက်ပြီဆိုရင် ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်းဆင်ယင်ပြီး အေးအေးချမ်းချမ်းရေပက်ဖြန်းတဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးတွေက ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ အခုနှစ်မှာလည်း မမြတ်လေးကို ဘယ်လိုပုံစံလေးနဲ့တွေ့ရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

ဒီနှစ်မှာ ကျင်းပခွင့်ရရှိခဲ့တဲ့ အင်းလျားလမ်းလျှောက်သင်္ကြန်မှာ မမြတ်လေးရှိနေမယ့်အကြောင်းကို Inya Splash Walk Yangon ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ကြေညာထားသလို မမြတ်လေးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း မမြတ်လေးက အခုလို ဖိတ်ခေါ်ထားပါတယ်။ “မနက်ဖြန် မမြတ်လေးကို ရေလောင်းချင်တယ်ဆိုရင် အင်းလျားလမ်းလျှောက်သင်္ကြန်ကို လာလည်ကြပါနော်၊ မမြတ်လေးလည်း ရေလောင်းချင်လို့  မျှော်နေပါ့မယ်ရှင့်”။

အဲဒီအပြင် မမြတ်လေးက သူငယ်ငယ်က သင်္ကြန်ရင်ခုန်သံတွေကိုလည်း ပြန်လည်ရေးသားမျှဝေပေးခဲ့ပါတယ်။ “ဒီနေ့လေးကို တချိန်သော ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက် ရင်ခုန်ခဲ့ဖူးတယ်

သင်္ကြန်အကြိုနေ့မနက်အစောကြီး ဘယ်သူများ အိမ်ရှေ့မှာ ပိတောက်ပန်းတွေ လာထားမလဲ

သင်္ကြန်အကြိုနေ့မနက်မှာ ကိုယ့်ကိုရေအရင်ဆုံးလောင်းမယ့်သူက ဘယ်သူဖြစ်မလဲ...? ” အစရှိတဲ့ သူ့ရဲ့တစ်ချိန်က သင်္ကြန်ရင်ခုန်သံတွေကို ရေးသားထားတာပါ။ သူချစ်တဲ့ပရိသတ်တွေအတွက်လည်း “ပျော်ရွှင်စရာ အတာသင်္ကြန်လေးကို ပိုင်ဆိုင်ကြပါစေ” လို့ ဆုတောင်းပေးထားပါတယ်။

ဒီနှစ်မှာတော့ ရန်ကုန်မြို့ရဲ့ အကြီးဆုံးလမ်းလျှောက်သင်္ကြန်လို့ ဆိုရမယ့် အင်းလျားလမ်းလျှောက်သင်္ကြန်မှာ အေးမြတ်သူရှိနေမယ့်အပြင် DJ GOD MODE ကလည်း မြူးကြွရွှင်လန်းစေတဲ့ အမိုက်စားတီးလုံးတွေကို ဖန်တီးပေးသွားမယ်လို့ သိရပါတယ်။ ဒါ့ပြင် အဲဒီ လမ်းလျှောက်သင်္ကြန်မှာ ဈေးဆိုင်တွေ၊ မဏ္ဍပ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။ 

by Cherry Mon

Source from Aye Myat Thu and Inya Splash Walk Yangon Facebook page

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။