နီပေါမြေမှာ ဘုံပျောက်ခဲ့တဲ့ PUBG

ပြီးခဲ့တဲ့ ရက်ပိုင်း ( တိတိကျကျဆို ကြာသပတေးနေ့ ) က နီပေါနိုင်ငံမှာ နာမည်ကျော် Multiplayer action, shooter ဂိမ်းတစ်ခုဖြစ်တဲ့ PUBG ကို တရားဝင် ပိတ်ပင်ခဲ့တယ်။ ဘာကြောင့်လဲဆို PUBG ဟာ အပစ်အခတ်ဂိမ်းတစ်ခုဖြစ်ပြီး အဲ့ဒီကနေ အကြမ်းဖက်မှုနဲ့ဆက်နွယ်နေတဲ့ မလိုလားအပ်တဲ့အရာတွေဟာ ကလေးသူငယ်တွေအပေါ် သက်ရောက်မှုရှိစေတယ်ဆိုပြီး ဘန်းပစ်လိုက်တာ။

PUBG ဟာ addicted ( စွဲလမ်းစေ ) ဖြစ်စေတယ် လို့ နီပေါအာဏာပိုင်တွေကဆိုကြတယ်။ လူငယ်တော်တော်များများ အလုပ်၊ ကျောင်းကနေ ပြန်လာပြီဆိုတာနဲ့ ကွန်ပျုတာတွေ၊ ဖုန်းတွေရှေ့မှာ မျက်နှာအပ်ပြီး PUBG ပစ်ကြတယ်။ အဲ့ဒါကလည်း လူငယ်တွေအနာဂတ်ကို ဖျက်ဆီးနေတဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်လို့ ဆိုကြပြန်တယ်။

အဲ့ဒါကြောင့်ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဟိမဝန္တာအမျိုးသား ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ( Himalayan National Federal Investigation Authority - HNFIA ) က ingame ဝန်ဆောင်မှုတွေ၊ PUBG ကို အဓိက support ပေးနေတဲ့ အော်ပရေတာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ပိတ်ပင်ခိုင်းလိုက်တော့တယ်။

PUBG ရဲ့ မြစ်ဖျားခံရာက တောင်ကိုရီးယားအခြေစိုက် Bluehole Inc ပါ။ PUBG ရဲ့ သဘောတရားဟာ ပြိုင်ဘက်တွေကို တိုက်ခိုက်သတ်ဖြတ်ပြီး တစ်ယောက်တည်းရှင်ကျန်ရစ်အောင် ကြိုးစားရတာဖြစ်တယ်။ အဲ့ဒီအတွက် ကိုယ့်အသက်မရှင်ရှင်အောင် တိုက်ကွက်မျိုးစုံထုတ်ရတယ်။ ရိုးရိုးသားသားရော၊ မုဆိုးမတိုက်ကွက်တွေပါ ထုတ်ရတဲ့အတွက် ဉာဏ်နီဉာဏ်နက်များလွန်းပြီး ဉာဏ်ကောင်းမှ ဆော့လို့ရတဲ့ဂိမ်းလို့ အကြမ်းဖျင်းပြောလို့ရတယ် ( ဉာဏ်မကောင်းသူတွေမဆော့ရလို့မဆိုလို )

ဒီမှာလည်း PUBG က လူငယ်တွေ၊ လူကြီးတွေပါးစပ်ဖျားရေပန်းစားနေတော့ အထူးတလည်ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ က စတင်ခဲ့ပြီး လက်ရှိအချိန်မှာ ကမ္ဘာပေါ်က လူကြိုက်အများဆုံးဂိမ်းတွေထဲက တစ်ခုအဖြစ်ရပ်တည်နေတဲ့ဂိမ်းလည်းဖြစ်တယ်။

လက်ရှိအချိန်မှာတော့ PUBG ဆော့ကစားရာကနေ နောက်ဆက်တွဲဖြစ်လာတဲ့ အကြမ်းဖက်မှုမျိုး နီပေါမှာမရှိသေးဘူးလို့သိရတယ်။ ကြည့်ရတာတော့ အကြမ်းဖက်မှုဆိုတာထက် ကလေးငယ်တွေရဲ့ ပညာရေး၊ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုဆက်ဆံရေးတွေမှာ လိုအပ်ချက်တွေရှိလာမှာစိုးရိမ်တာကြောင့် ဘန်းလိုက်ရတယ်ပဲထင်ပါတယ်။

ရည်ရွယ်ချက်ကောင်းတစ်ခုဖြစ်ပေမယ့် စားနေကျ ကြက်သားနဲ့ဝေးသွားခဲ့တဲ့အတွက်တော့ စိတ်မကောင်းပါဘူး .. Candy Crash ပြောင်းဆော့ကြပေါ့ xD

Gabriel
Source - Nations


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။