ပုဏ္ဍကတိုက်တယ်ဆိုတဲ့ အိမ်က မီးလိုက်ရှို့နေတဲ့ အာဠာဝက ကို ဖမ်းဆီးနိုင်ခဲ့တဲ့ ဗွီဒီယို

အခု မန္တလေးမြို့က နေအိမ်တစ်အိမ်မှာ အလိုလိုနေရင်း မီးတွေထလောင်တာမျိုးတွေဖြစ်တာကြောင့် သက်ဆိုင်ရာအပါအဝင် ရပ်ကွက်နေပြည်သူတွေကပါ စောင့်ကြည့်နေရတဲ့ဖြစ်ရပ် ဖြစ်ပွားနေပါတယ်။ တစ်ချို့ကတော့ ဒါကို ပုဏ္ဍက တိုက်တယ်လို့ပြောကြတယ်။ ပုဏ္ဍကတိုက်တယ်ဆိုတာ အလိုလိုနေရင်း အသုံးအဆောင်တွေက မီးထလောင်တာမျိုး၊ ခုံတွေ တီဗွီတွေလေထဲဝဲပျံတာမျိုး၊ ဘယ်သူပစ်နေမှန်းမသိ မြင်လဲမမြင်ရပဲ ခေါင်မိုးနဲ့အိမ်ထဲ ခဲလုံးတွေကျလာတာမျိုး တဲ့။

အဲ့ဒီဖြစ်ရပ်နဲ့အလားတူအဖြစ်တစ်ခု ပြီးခဲ့တဲ့ ၂၀၁၅ လောက်က ထိုင်းနိုင်ငံ၊ ပတ်သလုံခရိုင်က အိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တယ်။ အိမ်ရဲ့နေရာစုံမှာ အကြိမ် ၅၀၀ ကျော်လောက် မီးတွေအလိုလိုထလောင်တယ်။ အိမ်သားတွေ ကြောက်လန့်ပြီး နောက်ဆုံး မြို့အာဏာပိုင်တွေ၊ သက်ဆိုင်ရာဌာနတွေသိကုန်တယ်။ ဒါပေမယ့် ဘယ်သူမှ အဖြေမှန်ကို မဖော်ထုတ်နိုင်ဘူး။ ဘိုးတော်တွေ၊ အထက်လမ်းဆရာတွေ တစ်ယောက်ပြီးတစ်ယောက်သာပြောင်းသွားတယ်။ ဘာကြောင့်ဖြစ်လဲ ဆိုတဲ့အဖြေကို ရှာမရခဲ့ကြဘူးတဲ့။

အဲ့ဒီအကြောင်းက ဘယ်လောက်တောင်နာမည်ကြီးသွားသလဲဆိုရင် ထိုင်းနာမည်ကြီးတီဗွီရုပ်သံဖြစ်တဲ့ Channel 8 မှာတောင် ပါလာတဲ့အထိပဲ။ သဘာဝလွန်တယ်လို့ပြောနေတဲ့ဖြစ်ရပ်ကို အထက်လမ်းတွေဘာတွေနဲ့ အဖြေမရှာတော့ပဲ သိပ္ပံနည်းနဲ့အဖြေရှာဖို့လုပ်ကြတယ်။ အဲ့ဒါကတော့ Thai TV နဲ့ Channel 8 က နေအိမ်အတွင်းဘက်မှာ CCTV ကင်မရာတွေအိမ်သားတွေမသိအောင် လျှို့ဝှက်တပ်ဆင်လိုက်တာပါ။ အဲ့ဒီမှာ အဖြေစပေါ်ခဲ့တယ်။

တခြားတော့မဟုတ်ပါဘူး။ အဲ့ဒီအိမ်က ချွေးမဖြစ်သူ နန်ထန်ထနာ ဆိုသူက တစ်အိမ်လုံးကို ကြိုကြားကြိုကြားမီးလိုက်ရှို့နေတာပါ။ မီးရှို့ရတဲ့အကြောင်းရင်းက သူဟာတစ်အိမ်လုံးမှာ မျက်နှာသာပေးမခံရဘူး။ အဲ့တော့ စိတ်ကောက်ပြီး မီးလိုက်ရှို့တာပေါ့။ သူလုပ်တာပိရိလွန်းတော့ ဘယ်သူမှ သူလို့မထင်ကြဘူး။ အနေအထိုင်လည်းတတ်တာကိုး ..

အဲ့ဒီဖြစ်ရပ်တွေဟာ ထိုင်းမှ မဟုတ်ပါဘူး။ နေရာမရွေး၊ နိုင်ငံမရွေးဖြစ်တတ်ပါတယ်။ လူမှုကွန်ယက်မှာ နာမည်ကြီးချင်တဲ့သူတွေ၊ အတန်ရှင် လိုချင်တဲ့သူတွေ၊ အမွေဆိုင်အိမ်ကို ရောင်းမယ့်အချိန် အိမ်ကို ရောင်းမထွက်အောင်လုပ်သူတွေ၊ အိမ်ထဲမှာ ကြည့်မရတဲ့သူတွေ မနေနိုင်အောင် မောင်းထုတ်ချင်သူတွေ က ဒါမျိုးလုပ်တတ်ကြသတဲ့။

နောက်ထပ် တစ်နည်းရှိသေးတယ်ဗျ။ အဲ့ဒါကတော့ ကျီးကန်းသည်းခြေကို အခြောက်လုပ်၊ ကန့်နဲ့ရောပြီး အဝတ်ကြားထဲညှပ်လည်း အလိုလိုမီးတောက်တယ်ဆိုပဲ။ ဒါကတော့ ကြားဖူးတာပါ။ ဘိုးတော်ယောင်ယောင် ဘာယောင်ယောင်လူလိမ်တွေလုပ်တဲ့နည်းလို့ဆိုကြတယ်။ reagent ( ပစ္စည်းအမယ်တွေ ) လွဲနေရင်တောင်းပန်ပါတယ်။ သေချာမသိတော့လို့ပါ။

အဲ့တော့ ( ဘယ်သူ့မှမဆိုလိုပါ ) အခုလို ပုဏ္ဍက တိုက်နေပါတယ်၊ အာဠာဝကစီး နေပါတယ်ဆိုတဲ့ အိမ်မှာ အပေါ်လမ်းတွေ၊ အလယ်လမ်းတွေ၊ အောက်လမ်းတွေ လုပ်မနေပဲ CCTV သာတပ်ထားကြည့်ရင် အာဠာဝက နဲ့ ပုဏ္ဍက ကြီးဘယ်သူဆိုတာ အဖြေပေါ်မယ်ထင်ပါရဲ့။



Gabriel
( Admin အမြင်ကိုရေးခြင်းဖြစ်ပါသည်။ ယုံကြည်သူများလည်း ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာယုံကြည်ခွင့်ရှိပါသည်။ )










we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။