ညဘက် အိပ်မပျော်သူတွေအတွက် မြန်မြန်အိပ်ပျော်စေမယ့် နည်းလမ်း (၅) သွယ်

တစ်နေ့တာလုပ်ငန်းဆောင်တာတွေ ပြီးစီးချိန်မှာ အိပ်စက်အနားယူရတာလောက် စိတ်ရောလူပါ အပန်းပြေစေတဲ့အရာ မရှိပါဘူး။ ခေါင်းအုံးနဲ့ထိလိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေရှိသလို အအိပ်ခက်တဲ့သူတွေလည်း ရှိပါတယ်။ လုံးဝအိပ်စက်အနားယူရတဲ့အချိန်မှာ အိပ်ရခက်နေတဲ့ ပြဿနာဟာ အတော်လေးဆိုးရွားပြီး အလေ့အထကြီးတစ်ခုလိုလည်း ဖြစ်သွားတတ်ပါတယ်။ အဲဒါကြောင့် မြန်မြန် အိပ်မောကျစေနိုင်မယ့် နည်းလမ်း (၅) သွယ်ကို ဝေမျှပေးလိုက်ပါတယ်။


(၁) အခန်းအပူချိန်လျှော့ချပေးပါ


အခန်းအပူချိန်ကို လျှော့ချလိုက်တာလိုမျိုး သင့်အခန်းရဲ့ပတ်ဝန်းကျင်အခြေအနေကို ပြောင်းလဲလိုက်မယ်ဆိုရင် ညရောက်တိုင်း အိပ်ရာထဲမှာ ဟိုဖက်လှည့်လိုက်ဒီဖက်လှည့်လိုက်နဲ့ အိပ်မပျော်နိုင်ဖြစ်နေတဲ့ ပြဿနာအတွက် အထောက်အကူဖြစ်စေပါတယ်။ Healthline ကျန်းမာရေးမီဒီယာရဲ့ အဆိုအရ အခန်းအပူချိန်ကို ၆၀ ကနေ ၇၅ ဒီဂရီ ဖာရင်ဟိုက် (၁၅-၂၃ ဒီဂရိ ဆဲလ်စီးယပ်စ်) အတွင်း ထားတာဟာ သင့်ကို မြန်မြန်အိပ်ပျော်နိုင်စေဖို့ အထောက်အကူပြုပါတယ်။


(၂) အခန်းမီးမှိန်မှိန်ထားပေးပါ


ညဘက်မှာ မြန်မြန်အိပ်ပျော်ချင်တယ်ဆိုရင် အခန်းမီးကိုပိတ်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်လည်း အပြာရောင်မီးတွေက မျက်လုံးကြောင်စေတာကြောင့် အခန်းအတွင်းမှာ ညအိပ်မီးလို ခပ်မှိန်မှိန်မီးရောင်မျိုး ထားပေးသင့်ပါတယ်။ အပြာရောင်မီးရောင်လို့ ဆိုတဲ့နေရာမှာ ဖုန်းနဲ့ Laptop လို နည်းပညာဆိုင်ရာ ပစ္စည်း ကိရိယာတွေက ထွက်တဲ့ မီးအလင်းရောင်လည်း ပါဝင်တာကြောင့် National Sleep Foundation ရဲ့အဆိုအရ အိပ်ရာဝင်ခါနီးရင် အဲဒီပစ္စည်းကိရိယာတွေအားလုံးကို အသုံးပြုမိဖို့လိုပါတယ်။


(၃) အိပ်ရာမဝင်ခင် ကြိုတင်အနားယူပါ


နေ့ဘက်လုပ်ငန်းဆောင်တာတွေအားလုံး ပြီးစီးပြီဆိုရင် မအိပ်ခင်ကတည်းက နာရီဝက်လောက် ကြိုတင် အနားယူသင့်ပါတယ်။ ebook မဟုတ်ဘဲ ရိုးရိုးစာအုပ်ဖတ်တာမျိုး၊ ခပ်အေးအေးသီချင်းလေးတွေ နားထောင် တာမျိုးနဲ့ အသက်ရှူသွင်းရှူထုတ်လေ့ကျင့်ခန်း လုပ်တာမျိုး ပြုလုပ်ပေးသင့်ပြီး အသက်ရှူလေ့ကျင့်ခန်းကတော့ အကောင်းဆုံးအနားယူမှုပုံစံ ဖြစ်ပါတယ်။ “4-7-8” အသက်ရှူနည်းလမ်းဟာ စိတ်အေးချမ်းမှုနဲ့ ကိုယ်စိတ်နှစ်ပါး သက်သာမှုရစေပြီး မြန်မြန်အိပ်ပျော်စေပါတယ်။


(၄) ပုံမှန်အိပ်ချိန် သတ်မှတ်ပါ


ကျန်းမာရေးအဖွဲ့အစည်းတစ်ခုရဲ့ အဆိုအရ နေ့စဉ် အိပ်ချိန်မှန်တာနဲ့ ထချိန်မှန်တာဟာ သင့်ခန္ဓာကိုယ်ကို အလေ့အကျင့်တစ်ခု ဖြစ်စေသလို မြန်မြန်အိပ်ပျော်ဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ အိပ်ချိန်မှန်တယ် ဆိုတာဟာလည်း နေ့ခင်းတရေးတမောအိပ်တာမျိုးထက် ညဘက် အိပ်ရမယ့်အချိန်ရောက်မှ အချိန်မှန်အိပ်စက်ခြင်းကို ဆိုလိုတာပါ။


(၅) မအိပ်ခင် ရေနွေးနွေးနဲ့ ရေချိုးပါ


အိပ်ရာမဝင်ခင် ရေနွေးနွေးလေးနဲ့ ရေချိုးတာဟာလည်း ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ကူညီပေးသလို မြန်မြန်အိပ်ပျော်စေဖို့ စိတ်ရောလူကိုပါ သက်သောင့်သက်သာဖြစ်စေပါတယ်လိုု့ ကျန်းမာရေးဂျာနယ်တစ်ခုက ဖော်ပြထားပါတယ်။


by Cherry Mon


Ref; Fitday


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။