အဆင့်အတန်းမရှိသူများတွင်တွေ့ရလေ့ရှိသော လက္ခဏာ ( ၁၈ ) ချက်

အဆင့်အတန်းဆိုတာ လူရဲ့ တန်ဖိုးပါပဲ။ အဆင့်အတန်းဆိုတဲ့ စကားလုံးထဲမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စောင့်ထိန်းရမယ့်သိက္ခာ၊ ပြုသင့်မပြုသင့်ဆိုတဲ့ နီတိ နဲ့ ကိုယ်၊နှုတ်၊ နှလုံး၊ စိတ် စတဲ့ အမူအကျင့်တွေအများကြီးပါတယ်။

အဆင့်အတန်းဆိုတာ လူတစ်ယောက် ဘယ်လောက်ချမ်းသာတယ်၊ ပိုက်ဆံဘယ်လောက်ရှိတယ်၊ ဘယ်လောက်ရုပ်ရည်ချောမောတယ်၊ အသံကောင်းတယ် ဆိုတာနဲ့မသက်ဆိုင်ပါဘူး။ ဘယ်လောက်ချောချော၊ ဘယ်လောက်ပဲပြည့်စုံနေပါစေ .. အပေါ်မှာပြောထားတဲ့ ကျင့်ဝတ်၊ နီတိ နဲ့ သိက္ခာ၊ သမာဓိမရှိရင် အဲ့လူဟာ အဆင့်မရှိတဲ့သူပဲ။

အဆင့်အတန်းမရှိသူများရဲ့ လက္ခဏာရပ် ( ၁၈ ) ရပ်ကို WE Media ပရိသတ်တွေသိအောင်တင်ပြလိုက်ပါတယ်။ ကိုယ့်မှာရှိနေရင်ပြင်လို့ရသလို အဆင့်မရှိသူဘေးမှာရှိနေရင်လည်း ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်လို့ရတာပေါ့။

( ၁ ) လိမ်ညာပြောတာ

မင်းဟာမင်း အရက်မသောက်ဘူး၊ သူများသားသမီးမပြစ်မှားဘူး၊ မခိုးဘူး၊ သူ့အသက်မသတ်ဘူး ဘယ်လောက်ပြောနေနေ ငါးပါးသီလထဲက မုသာဝါဒတစ်ပါးကျိုးရင် အကုန်ကျိုးတာပဲလို့သတ်မှတ်တယ်။ လိမ်ညာတာဟာ Five Concept လို့ခေါ်တဲ့ သီလ ( ၅ ) ပါးထဲမှာအဆိုးဆုံး နဲ့ အဓိကရှောင်ကျဉ်ရမယ့်အချက်လဲဖြစ်တယ်။ လိမ်ပြောတာဟာ အဆင့်မရှိတာပါပဲ။ 

( ၂ ) လိုတစ်မျိုးမလိုတစ်မျိုးပြောတာ

ခုနက အကောင်း၊ အခုလည်းကျရော ကိုယ့်ကိုရန်သူလိုဆက်ဆံတဲ့သူမျိုးဟာလည်း အဆင့်မရှိတာပဲ။ အခုဆီထမင်း၊ အခု စာကလေးကြော်လုပ်တတ်တဲ့သူတွေဟာ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ သတိထားပြီးရှောင်ကျဉ်ရမယ့်သူတွေဖြစ်တယ်။ ဒီလိုလူမျိုးနဲ့ မိတ်ဆွေဖြစ်တဲ့အခါ ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေအတတ်နိုင်ဆုံးမပြောမိအောင် ဆင်ခြင်ဖို့လိုတယ်။

( ၃ ) အခုတစ်မျိုးနောက်တစ်မျိုးပြောတာ

စကားရှုပ်တာလို့ခေါ်တယ်။ ဥပမာ နားစွန်နားဖျားကြားရတဲ့ အကြောင်းအရာတစ်ခုကို လူသိရှင်ကြားဖောက်သည်ချလိုက်တာ။ ပြီးရင် အဲ့ဒီစကားကို သူမပြောပါဘူး ဆိုပြီးလုပ်တတ်သူ၊ ဗြောင်ကျကျငြင်းတတ်တဲ့သူမျိုး .. အဲ့ဒါ အဆင့်မရှိတဲ့ လက္ခဏာထဲမှာပါတယ်။

( ၄ ) တစ်ဖက်တည်းကြည့်ပြီးပြောတတ်တာ

ကိုယ်လိုချင်တာပဲ သိပြီး နောက်လူက ကိုယ်လိုချင်တာရဖို့ ဘယ်လောက်အထိ ပင်ပန်းခံအလုပ်လုပ်နေရတယ်ဆိုတာမသိတာမျိုး၊ သူ့လုပ်နိုင်စွမ်းဘယ်လောက်ရှိတယ်ဆိုတာမသိပဲ ကိုယ်လုပ်ချင်၊ ဖြစ်ချင်တာပဲ အတင်းအကျပ်ပြောနေတာမျိုးဟာ အဆင့်မရှိတာပါပဲ။ သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ ခံစားချက်မျိုးမွေးကြည့်ပါ။

( ၅ ) ငြင်းခုံပြောတတ်တာ

စကားပြောပြီဆိုရင်တော့ သူ့အမြင်ကိုယ့်အမြင်ဆိုတာတွေပါလာမယ်။ အမြင်ဆိုတာ ကိုယ်မြင်တာကိုစွတ်ပြောဖို့မဟုတ်ဘူး။ သူ့အမြင်ကိုပါနားထောင်ပြီး အစွန်းနှစ်ဖက်လွတ်အောင် ပြောတတ်ဖို့ပါ။ ဥပမာ ဗုဒ္ဓဘာသာကောင်းတယ်၊ အစ္စလာမ်ဘာသာမကောင်းဘူးဆိုတာမျိုးမဟုတ်ပဲ မတူတာတွေဖယ်ပြီး တူတာတွေယူကြည့်ဖို့လိုတယ်။ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်း ဆိုတာ အမြင်မတူတာတွေဖယ်ပြီး တူတာတွေနဲ့ညှိနှိုင်းတာကိုပြောတာ။

( ၆ ) ကြွားဝါပြောဆိုခြင်း

ကြွားတယ်ဆိုတာ အဆင့်မရှိတဲ့ လက္ခဏာတွေထဲမှာ တစ်ခုအပါအဝင်ပဲ။ ငါဘာလုပ်တတ်တယ်၊ ငါ့မှာဘာကြီးပိုင်တယ် ဆိုပြီး မလိုအပ်ပဲ ပြောဆိုနေတာကြွားတာပါပဲ။ ကိုယ်ဘာလုပ်တတ်တယ်၊ ဘာတွေတတ်နိုင်တယ်၊ ဘာတွေရှိတယ်ဆိုတာ ကိုယ့်လုပ်ရပ် နဲ့ အပြုအမူတွေကနေပဲသိပါစေ။ သင်တကယ်အရည်အချင်းနဲ့ပိုင်ဆိုင်မှုရှိတယ်ဆိုရင် ကြွားစရာမလိုပါ။ အချိန်ကစကားပြောပါတယ်။

( ၇ ) ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတာ

အခုခေတ်လူငယ်တော်တော်များများ အဆဲမပါရင်စကားမပြောတတ်ဘူး။ Slang တွေသုံးတယ်။ ဒါကို ကောင်းတယ်လို့ထင်ကြတယ်။ လူကြားထဲရောက်ရင် အဲ့ဒါတွေများများပြောမှ လူအထင်ကြီးတယ်၊ ဂရုစိုက်တာခံရတယ်လို့ထင်တတ်တယ်။ တကယ်တော့ အဆင့်မရှိတဲ့လုပ်ရပ်ပါ။ ကိုယ်နေနေကျ အသိုင်းအဝိုင်းမှာ လက်ခံပေမယ့် မတူညီတဲ့ ( ယဉ်ကျေးတဲ့ ) အသိုင်းအဝိုင်းရောက်ရင် ဆဲတာ ရှက်စရာဘယ်လောက်ကောင်းလဲသိပါလိမ့်မယ်။

( ၈ ) ကိုယ့်ကိစ္စကိုယ်တာဝန်မယူတာ

ကိုယ်လုပ်ထားတဲ့ကိစ္စတစ်ခုရဲ့ နောက်ဆက်တွဲ မှန်သည်မှားသည်ကို ကာယကံရှင်ကိုယ်တိုင်တာဝန်ယူတတ်ရမယ်။ တာဝန်မယူချင်ဘူး၊ ခေါင်းရှောင်ထွက်ပြေးတယ်ဆို အဆင့်မရှိလို့ ( တစ်နည်းပြောရရင် ) ခေါင်းဆောင်မဖြစ်ထိုက်ပဲ ခေါင်းဆောင်နေရာယူထားသူမို့လို့ပဲ။ ထမင်းစားပြီးရင်တောင် ကိုယ့်ပန်းကန်ကိုယ်ဆေးရသေးတာ၊ ကိုယ်လုပ်တဲ့အလုပ်ဘာလို့တာဝန်မယူတတ်ရမှာလဲ ? ကောင်းရင်တော့ကိုယ် .. မကောင်းရင် သူများလက်ညှိုးထိုးတတ်တာ အဆင့်ရှိတဲ့သူတွေ လက္ခဏာမှမဟုတ်တာ

( ၉ ) ကတိမတည်တာ

လာမယ်ပြောပြီးမလာတာမျိုး၊ လုပ်မယ်ပြောပြီးမလုပ်တာမျိုး စသဖြင့်ပေးပြီးသားကတိမတည်တာလည်း အဆင့်မရှိခြင်းတစ်မျိုးပါပဲ။ သေးသေးလေးကအစ ကတိတည်ဖို့လိုပါတယ်။ ကတိမတည်တတ်တဲ့သူရဲ့ စကားက အောင်ဖို့ရာခဲယဉ်းတတ်တယ်။

( ၁၀ ) အမှန်တရားကိုလက်မခံတာ

တခြားသူ ( ၁၀၀ ) က အမှန်တွေပြောနေပေမယ့် သူတစ်ယောက်တည်း အမှားတစ်ခုတည်းကို ( မှားမှန်းသိရက်နဲ့ ) ဖက်တွယ်ထားတဲ့သူမျိုးက အဆင့်မရှိသူပါပဲ။ ပြောရဆိုရခက်တဲ့အစားထဲမှာပါတယ်။ နောက်ပြီး အဲ့ဒီလူတွေဟု မဟုတ်တဲ့နေရာမှာလည်း မာနကြီးတတ်တယ်။ ရွှွေတုံး ထင်ပြီး လက်ထဲမှာကိုင်ထားတဲ့ဟာက ချီးတုံးကြီးဖြစ်နေရင်တောင် ငါမှားတာလူသိမယ်လေ ဆိုပြီး နံနံစော်စော်ကြီးကို ဆက်ပြီး ဆုပ်ကိုင်ထားတဲ့သူတွေပေါ့။ တစ်ဖက်ပိတ်လို့လည်းခေါ်တယ်။

( ၁၁ ) အမှားကိုဝန်မခံတတ်တာ

ကိုယ်မှားနေလို့ အမှန်ကိုထောက်ပြရင်လည်း မကြိုက်တတ်ဘူး။ ထောက်ပြတဲ့သူကပဲ ဆရာကြီးလုပ်သလိုလိုထင်တတ်တယ်။ သူကိုယ်တိုင်မှန်နေလားဆိုတော့လည်း မမှန်ဘူး။ မှားနေလို့ပြင်တာ မင်္ဂလာဆိုပေမယ့် မှားမှန်းသိသိနဲ့အမှားကို မပြင်တာကတော့ အဆင့်အတန်းမရှိတာပါပဲ။

( ၁၂ ) ဘာသာတရားကိုလေးစားမှုမရှိတာ

ရှင်းပါတယ်။ ဘာသာတရားကို မလေးစားတဲ့ သူရဲ့ မျိုးဆက်တွေကလည်း ဘာသာတရားကိုလေးစားဖို့မသိကြတော့ဘူး။ အဲ့ဒီလိုလူတွေကနေ မွေးလာတဲ့ မျိုးဆက်တွေများလာတဲ့အခါ ကိုးကွယ်ရာ ဘာသာတစ်ခုပျောက်သွားတတ်တယ်။ ဘာသာတရားကိုမလေးစားတဲ့အတွက် ဘာသာတရားမှာလိုက်နာရတဲ့ စည်းမျဉ်း၊ နီတိတွေမသိဘူး။ မသိတဲ့အတွက် လူ့ဘောင်ရဲ့အပြင်ကိုရောက်သွားတတ်တယ်။ ဘာသာတရားကိုမလေးစားဘူးဆိုတဲ့နေရာမှာ ဘာသာမဲ့တွေကိုဆိုလိုခြင်းမဟုတ်တာ နားလည်ရမယ်။

( ၁၃ ) အမှန်အမှားကိုခွဲခြားပြီးမသိတာ

ငယ်ငယ်ကတည်းက သင်ကြားဆုံးမမှု၊ သွန်သင်မှုတွေမရှိခဲ့တဲ့အတွက် ဘယ်ဟာအမှန်၊ အမှားဆိုတာ ဝေခွဲမရတော့ဘူး။ များသောအားဖြင့် ဒုစရိုက်မှုကျုးလွန်တဲ့သူအများစုဟာ အမှားအမှန်ကိုခွဲခြားမသိတာများတယ်။ ဘာကြောင့်မသိတာလဲဆိုရင် တွေးခေါ်စဉ်းစားတတ်တဲ့အသိဉာဏ် နဲ့ ပညာမရှိလို့ပါ။

( ၁၄ ) မတော်လောဘနဲ့စီးပွားရှာတာ

ရေသန့်တစ်ဗူးကို ၂၀၀ ရောင်းတယ်။ ဆိုင်မှာပြန်တင်တော့တစ်ရာအမြတ်စားပြီး ၃၀၀ ဖြစ်သွားတယ်။ အဲ့ဒါကိုပိုပြီးလိုချင်တော့ ၃၅၀ နဲ့ ပြန်ရောင်းတယ်။ အဲဒီလိုမတော်လောဘနဲ့စီးပွားရှာတာ အဆင့်မရှိတဲ့လုပ်ရပ်ပါပဲ။ ဥပမာ ကိုယ့်ပစ္စည်းကျတော့ ဝယ်သူကတန်ရာတန်ကြေးပေးရပြီး ကိုယ့်ရောင်းကုန်ကျတော့ တန်ရာတန်ကြေးမဟုတ်ပဲ အပေါစားပစ္စည်းကို ဂျင်းထည့်ရောင်းတာဟာ အဆင့်မရှိတဲ့လုပ်ရပ်ပါပဲ။

( ၁၅ ) ငွေကြေးချမ်းသာမှုကို အထင်ကြီးတာ

ငွေရှိတိုင်း၊ အာဏာရှိတိုင်း၊ လူသိများတိုင်း အဲ့ဒီလူက လူကောင်းလို့တွေးနေတာ၊ အဲ့ဒီလူကို ထိပါးပြောဆိုသမျှ ကိုယ်က ဆတ်ဆတ်ထိနာနေတာမျိုးဆိုရင်လည်း အဆင့်မရှိတာပါပဲ။ ဥပမာ ကိုရီးယားမှာဖြစ်ခဲ့တဲ့ Kpopper တစ်ယောက် sex video တွေ ဖြန့်ဝေတာမျိုးပေါ့။ အဆင့်မရှိမှန်းသိတယ်။ သိသိကြီးနဲ့ သူဘာလုပ်လုပ်မှန်တယ်ဆိုပြီး ဝန်းရံနေတာမျိုးကလည်း သူရော၊ ဝန်းရံတဲ့သူပါ အဆင့်မရှိတာပါပဲ။

( ၁၆ ) ကိုယ်ကျင့်သိက္ခာအိန္ဒြေမရှိတာ

ကိုယ်ကျင့်သိက္ခာဆိုတာတော့ရှင်းပါတယ်။ မိန်းကလေးဆို ကိုယ့်ခန္ဒာကိုယ်က မမြင်အပ်တဲ့အစိတ်အပိုင်းတွေလှစ်ဟပြတာ၊ မြင်ဖို့ကြည့်ဖို့မသင့်တော်တာမျိုးတွေ အွန်လိုင်းကနေ Live လွှင့်ပြတာ၊ ယောကျာ်းလေးဆိုရင် မိန်းမ၊ ငွေကြေးနဲ့ပတ်သက်ပြီးအရှုပ်အရှင်းတွေလုပ်တာဆိုရင်လည်း အဆင့်မရှိတာလို့ခေါ်တယ်။

( ၁၇ ) မထိုက်တန်တဲ့ရာထူးကိုယူထားတာ

လုပ်ငန်းတိုင်းမှာ အမြဲတမ်းတွေ့ရတတ်တယ်။ ကိုယ်ကိုတိုင်လည်းမတတ်၊ မသိပဲ အောက်ကလူတွေလုပ်သမျှ ထိုင်ပြီး အမှတ်ယူနေတာမျိုး၊ ပြီးခါနီးမှ နှမ်းလာဖြူးတာမျိုး၊ အီးယောင်ဝါးလုပ်ပြီး အချိန်တန်လစာထိုင်ယူနေတာမျိုးတွေဆိုတာ ရှက်တတ်ရင် သေလို့တောင်ရတဲ့ အဆင့်မရှိတဲ့လုပ်ရပ်ပါ။

( ၁၈ ) သီလသမာဓိမတည်ကြည်တာ

မြှောက်စားရမယ့်သူကိုမမြှောက်စားတာ၊ မမြှောက်စားသင့်တဲ့သူကိုအရေးပေးတာ၊ ခွဲခြားဆက်ဆံတာ၊ နှိမ်တာ၊ ဆန့်ကျင်ဘက်လိင်တွေကို ရေလာမြောင်းပေးလုပ်တာ၊ အမြင်မှာတည်ကြည်ပေမယ့် အတွင်းစိတ်ကောက်နေတာမျိုးတွေဟာ သီလသမာဓိမတည်ကြည်ခြင်းရဲ့ လုပ်ရပ်တွေပါပဲ။ လူသိသွားရင်အရမ်းရှက်ဖို့ကောင်းပါတယ်။

အဆင့်အတန်းအနိမ့်အမြင့်ဆိုတာ ကုသိုလ်၊ အကုသိုလ်ပါပဲ။ အဆင့်အတန်းရှိရင် ကုသိုလ်ဖြစ်ပြီး အဆင့်အတန်းမရှိရင်တော့ အကုသိုလ်ဖြစ်ပါတယ်။ အားလုံးဟာ စိတ်နဲ့စိတ်ရဲ့အရည်အသွေးဖြစ်ပြီး အဲ့ဒါတွေကို အဆင့်အတန်းလို့ခေါ်တာဖြစ်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။