အမှန်တရားဆိုတာ နှင်းခဲဖြူဖြူတွေရဲ့အောက်မှာ

ပြီးခဲ့တဲ့ ဧပရယ် ၁၂ ရက် ( မဟာသြင်္ကန်အကြိုနေ့မတိုင်ခင်တစ်ရက် ) က ဖန်ဂရန်ရာဇီတောင်မှာ ခြေချော်ရင်း အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ စိမ့်ထက် ဆိုတဲ့ညီမငယ်ရဲ့အကြောင်း လူမှုကွန်ယက်မှာ ပြန့်နှံ့လာခဲ့တယ်။ အသက်ငယ်ငယ်နဲ့ကွယ်လွန်ခဲ့ရတဲ့အတွက် မိသားစုတွေအပါအဝင် အွန်လိုင်းအသုံးပြုသူတွေကလည်း ဝမ်းနည်းခဲ့ကြတယ်။

စိမ့်ထက် ဟာ ဧပရယ် ၆ ရက်နေ့က The Summiter အဖွဲ့နဲ့အတူတူ စတင်ခရီးထွက်ခဲ့ပြီး တောင်ထိပ်မှာ အထိရောက်နိုင်ခဲ့တယ်။ အဖွဲ့သားတွေနဲ့အတူတူ တောင်ထိပ်မှာ နိုင်ငံတော်သီချင်းကို သံပြိုင်ဟစ်သီဆိုနိုင်ခဲ့ပေမယ့် အဆင်းလမ်းမှာတော့ ခြေချော်ပြီးအသက်ဆုံးရှုံးခဲ့ရတယ်လို့တောင်တက်အဖွဲ့ကဆိုတယ်။

တောင်တက်အဖွဲ့ရော၊ ရဲစခန်းကပါ သေဆုံးကြောင်းအတည်ပြုခဲ့ပေမယ့် သူမရဲ့ကျန်ရစ်တဲ့ခန္ဓာကိုယ်ကိုတော့ အခုထက်ထိရှာဖွေတာတွေမလုပ်သေးဘူးလို့သိရတယ်။ ဒီအကြောင်းအွန်လိုင်းပေါ်မှာပြန့်နှံ့လာတဲ့အချိန်မှာတော့ စိမ့်ထက် တစ်ယောက် တကယ်လို့သူတို့ပြောသလို မသေခဲ့ရင်ရော ဘယ်လိုလုပ်မလဲ .. တာဝန်ယူထားတဲ့ tour ကုမ္ပဏီက တာဝန်မဲ့လွန်းတယ်ဆိုပြီး ပြောဆိုမှုတွေရှိလာတယ်။

မစိမ့်ထက် အဖြစ်အပျက်ပြီးတော့ တောင်တက်အဖွဲ့ခေါင်းဆောင်ဟာ ပူတာအိုရဲစခန်းမှာ သတင်းပေးသဘောမျိုးနဲ့ပဲ လာရောက်ပြောကြားသွားတာဖြစ်ကြောင်း သိရတယ်။ ရဲစခန်းတွေရဲ့ လုပ်ထုံးလုပ်စဉ်အရ အလောင်းရှာမတွေ့မချင်း ဒါဟာ လူပျောက်မှုသာဖြစ်ပြီး လူသေဆုံးမှုလို့ သတ်မှတ်မရကြောင်း အသိပေးခဲ့တယ်လို့သိရတယ်။

မစိမ့်ထက်ပါဝင်တဲ့ တောင်တက်အဖွဲ့ဟာ Tour သဘောမျိုးလုပ်တာပါ။ တစ်ယောက်ကို ၁၃ သိန်းစီယူပြီး တောင်တက်ဖို့စီစဉ်ခဲ့တာဖြစ်တယ်။ အတက်လမ်းမှာလည်း မစိမ့်ထက်တစ်ယောက် Goggle ( မျက်မှန် ) ကို ရေငွေ့ နဲ့ နှင်းမှုန်တွေရိုက်ပြီး လမ်းကနေ တစ်ခေါက်ချော်ကျခဲ့သေးတယ်လို့သိရတယ်။ အဲ့ဒီတုန်းကလည်း အဖွဲ့ခေါင်းဆောင်ကိုလှမ်းအော်ပြောပေမယ့် ဘာမှလုပ်မပေးခဲ့ဘူးတဲ့ ...

နောက်ဆုံး သူမ ခြေချော်ကျသွားတော့ ကျသွားတဲ့နေရာကို တောင်တက်လမ်းပြနဲ့သွားရောက်ရှာဖွေခဲ့ပေမယ့် လမ်းပြတစ်ယောက်ပဲ အလောင်းကိုမြင်ခဲ့တယ်လို့ပြောပါတယ်။ မစိမ့်ထက် ရဲ့ မိသားစုအနေနဲ့ အလောင်းကိုပြန်ရှာပေးခြင်းမျိုးမလုပ်တဲ့အတွက် မကျေနပ်ကြပါဘူး။ ဒါပေမယ့် အလောင်းကိုပြန်ရှာဖို့ ဒေါ်လာငွေ သိန်းနဲ့ချီပြီးကုန်မယ်ဆိုတဲ့အတွက် သူတို့လည်း ဘာမှမတတ်နိုင်ကြပါဘူး။

လက်ရှိမှာတော့ ထူးဖောင်ဒေးရှင်း ကပဲ မစိမ့်ထက် ရဲ့ အလောင်းကိုကူညီပြီးရှာဖွေပေးနေတယ်လို့သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သေဆုံးခဲ့သည်ဖြစ်စေ .. အသက်ရှင်နေသည်ပဲဖြစ်စေ .. သူမရဲ့ ခန္ဓာကိုယ်ကို အမြန်ဆုံးရှာတွေ့နိုင်ဖို့ဆုတောင်းလိုက်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။