တစ်နာရီတည်းနဲ့ သစ်ပင်ပေါင်း ၃.၂ သန်း စိုက်ပျိုးပြီး ဖိလစ်ပိုင်ကျောင်းသားများ ဂင်းနစ်စံချိန်ဝင်ခဲ့

ဧပရယ် ၂၄၊ ၂၀၁၉ ရန်ကုန်

ဖိလစ်ပိုင်နိုင်ငံမှ ကျောင်းသူကျောင်းသားများ၊ ဝန်ထမ်းများ၊ ပြည်သူများနှင့် စေတနာ့ဝန်ထမ်းများပါဝင်သော လူပေါင်း တစ်သိန်းခြောက်သောင်းကျော်သည် တစ်နာရီအတွင်း သစ်ပင်ပေါင်း ၃.၂ သန်းကျော်စိုက်ပျိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့ကြောင်းသိရသည်။


လက်ရှိအရေအတွက်သည် ပြီးခဲ့သည့် ၂၀၁၁ သြဂုတ် ၁၅ က တစ်နာရီအတွင်း သစ်ပင်ပေါင်း ၁.၉ သန်းစိုက်ပျိုးနိုင်ခဲ့သော စံချိန်ကိုချိုးနိုင်ခဲ့ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် စိမ်းလန်းစိုပြေရေးအဖွဲ့အစည်းမှ ဒါရိုက်တာ မာ့ခ်ဖရက်ဂါဒါ က ဆိုသည်။ သစ်ပင်စိုက်ပျိုးမှုကို ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ဒေသခြောက်ခုတွင် နေရာခွဲပြီး စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးခဲ့သော အပင်များထဲတွင် ကိုကိုး၊ ရာဘာ၊ ကော်ဖီ နှင့် ကျွန်းသစ်ကဲ့သို့ နှစ်ရှည်သစ်မာပင်များလည်း ပါဝင်ကြောင်း ဖရက်ဂါဒါက ဆိုသည်။ လက်ရှိတွင် သစ်ပင်စိုက်ပျိုးပွဲပါဝင်ခဲ့သူများမှာ ဂင်းနစ်အဖွဲ့မှ တရားဝင်လက်မှတ်ပေးအပ်မည့်အချိန်ကိုစောင့်ဆိုင်းနေကြောင်းသိရသည်။


ဖိလစ်ပိုင်နိုင်ငံသည် ဆယ်စုနှစ်တစ်ခုကြာအောင် သစ်ခုတ်ခြင်း၊ မြေယာချဲ့ထွင်ခြင်း၊ အဆောက်အဦပရောဂျက်များချမှတ်ခြင်း၊ ဆိပ်ကမ်းနှင့်လေဆိပ်ကဲ့သို့အခြေခံအဆောက်အဦများဆောက်လုပ်ခြင်းများကြောင့် သစ်တောများပြုန်းလုနီးပါးဖြစ်ပြီး ထိုသို့ပြုန်းတီးမှုကို ကာမိစေရန်နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းများပြုလုပ်လေ့ရှိသည်။


Gabriel
Source - pulse.ng ( Filipino students and others plant 3.2 million trees in an hour to break Guinness World Record )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။