အရက်မူးမူးနဲ့ လက်ထပ်ခဲ့ပြီး ၄ ရက်အကြာမှာ လက်ထပ်မှုပယ်ဖျက်ခွင့်တောင်းခဲ့တဲ့ နီကိုလပ်စ်ကေ့ဂျ်

ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အနုပညာရှင်ဇနီးမောင်နှံတွေ လက်ထပ်လိုက် ကွာရှင်းလိုက် လုပ်နေကြတာဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ဒါပေမဲ့ လတ်တလောမှာတော့ နာမည်ကျော်မင်းသားကြီး နီကိုလပ်စ်ကေ့ဂျ် (Nicolas Cage) ရဲ့ လင်မယားကွာရှင်းပြတ်စဲမှုကတော့ နည်းနည်းဆန်းပါတယ်။ အကြောင်းကတော့ နီကိုလပ်စ်ကေ့ဂျ်ဟာ လက်ထပ်ပြီး ၄ ရက်အကြာမှာပဲ ဇနီးဖြစ်သူ မိတ်ကပ်ပညာရှင် အဲရီကာကွိုက်ကီကို လက်ထပ်မှုပယ်ဖျက်ဖို့ ခွင့်တောင်းခံခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။


အသက် ၅၅ နှစ်အရွယ် မင်းသားကြီးနီကိုလပ်စကေ့ဂျ်ဟာ အဲရီကာအပါအဝင်ဆိုရင် အိမ်ထောင်လေးဆက် ပြုခဲ့ဖူးပြီး တတိယမြောက်အိမ်ထောင်ကို ၂၀၁၆ ခုနှစ်တုန်းက ကွာရှင်းခဲ့ပြီး ဖြစ်ပါတယ်။ ကေ့ဂျ်နဲ့ အဲရီကာတို့ဟာ တစ်နှစ်နီးပါး တွဲခုတ်ခဲ့ပြီးနောက်မှာတော့ ရုတ်တရက်ဆိုသလို လက်စ်ဗီးဂတ်စ်မှာ လက်ထပ်ပွဲ ကျင်းပပြီး ထိမ်းမြားလက်ထပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုလက်ထပ်ပြီး ၄ ရက်အကြာမှာတော့ အခုလို လက်ထပ်မှုကို ပယ်ဖျက်ခွင့်တောင်းခဲ့တာပါ။


အဲရီကာကလည်း ကေ့ဂျ်ရဲ့ လက်ထပ်မှုပယ်ဖျက်ခွင့်ကို တန်ပြန်တဲ့အနေနဲ့ တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကေ့ဂျ်ဆီကနေ လင်မယားစရိတ်တောင်းခံလိုက်တာပါပဲ။ အဲရီကာကတော့ ကေ့ဂျ်ရဲ့အခုလို အပြုအမူဟာ သူမရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး သူမရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဆုံးရှုံးစေခဲ့တာကြောင့် ခုလိုလျော်ကြေးတောင်းခံခဲ့တာလို့ ဆိုပါတယ်။ TMZ သတင်းဌာနက ဖော်ပြချက် အရဆိုရင် အဲရီကာက ကေ့ဂျ်ဟာ အခုလိုလက်ထပ်ခြင်းပယ်ဖျက်တဲ့ တောင်းဆိုမှုပြုလုပ်ပြီးတဲ့နောက် နှစ်ပတ်အတွင်းမှာပဲ သူမကိုဆက်သွယ်လာပြီး ဆွေးနွေးညှိနှိုင်းခဲ့သေးတယ်လို့ ဆိုပါတယ်။


အမှန်တကယ်ကတော့ အရက်စွဲနေတဲ့ ကေ့ဂျ်ဟာ အရက်အမူးလွန်နေချိန်မှာ သူ့ချစ်သူလက်ကိုဆွဲပြီး တရားရုံးမှာ လက်ထပ်ခွင့်မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ လက်ထပ်ပွဲအခမ်းအနားကိုပါ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကေ့ဂျ်ဟာ သူအသိဝင်လာချိန်မှာ လက်ထပ်ပြီးသားဖြစ်နေတာကြောင့် သူဘာကြောင့် လက်ထပ်မိမှန်း နားမလည်ဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့် လေးရက်အကြာမှာ ကွာရှင်းခွင့်နဲ့မတူတဲ့ လက်ထပ်မှု ပယ်ဖျက်ခွင့်ကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။


ကေ့ဂျ်ဟာ အရက်အမူးလွန်တာကြောင့် မူးယစ်ရမ်းကားမှု၊ မူးပြီး ကားမောင်းမှုတွေနဲ့ အဖမ်းခံခဲ့ရဖူးသူဖြစ်ပြီး အခုတစ်ကြိမ်မှာတော့ မှားယွင်း လက်ထပ်မှတ်ပုံတင်မှု ဖြစ်ခဲ့တာပါ။


by Cherry Mon


Ref; TMZ, Daily Mail 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။