ညညအိပ်မပျော်တဲ့သူတွေ၊ မိုးလင်းခါနီးမှ အိပ်လို့ရသူတွေ သိသင့်တဲ့အချက်များ

ညဘက် အိပ်တော့မယ်ဆိုပြီး အိပ်ယာထဲရောက်ခါမှ ဟိုလှိမ့်ဒီလှိမ့်နဲ့တစ်နာရီလောက် အိပ်မရပဲ မိုးလင်းခါနီးမှာ အိပ်ပျော်သွားတတ်တဲ့သူတွေ၊ ဘာဆေးသောက်သောက်အိပ်မပျော်နိုင်ပဲ အိပ်ရေးပျက်တဲ့ညတွေကြောင့် စိတ်ပျက်နေသူတစ်ချို့အတွက် ရည်ရွယ်ပါတယ်။

ကျွန်တော့်ကိုတစ်ချို့ကပြောမှာပေါ့။ ဒါဟာ ကျန်းမာရေးကြောင့်၊ ဇီဝနာရီမမှန်တာကြောင့်၊ နေ့ခင်းဘက်စိတ်ဖိစီးမှုတွေများလွန်းတာကြောင့် လို့ပြောကြလိမ့်မယ်။ မှန်သင့်သလောက်တော့မှန်ပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေကျတော့ ကျွန်တော်တို့သိနိုင်တဲ့ နယ်ပယ်ရဲ့အလွန်ကိုရောက်သွားတတ်တယ်။ အဲ့ဒီအခါမှာ ဘာကြောင့်ရယ်လို့မသိပါပဲ စိတ်ထဲမှာ ဒွိဟ တွေများလာတတ်တယ်။

( ၁ ) အခန်းနဲ့အိပ်သူတွေအတွက်

အခန်းထဲမှာ တစ်ယောက်တည်းအိပ်တတ်သူတွေအနေနဲ့ အိပ်မပျော်ခြင်းဖြစ်စဉ်စလာတဲ့အခါ၊ ဘာအကြောင်းကြောင့်မှန်း ရေရေရာရာမသိပါပဲ အိပ်မပျော်တဲ့ညတွေများလာတဲ့အခါ အခန်းကို သေသေချာချာစစ်ဆေးဖို့လိုလာပါပြီ။ အခန်းထဲမှာ မီးတွေထွန်းထားပါရဲ့ အလင်းရောင်ရသင့်သလောက်မရဘူးလို့စိတ်ထဲမှာထင်နေတဲ့အခါ၊ အဲယားကွန်းလည်းတပ်မထားပဲ အခန်းအပူချိန်က လိုတာထက်ပိုပြီး အေးစိမ့်စိမ့်ဖြစ်နေတဲ့အခါ၊ သက်ရှိသတ္တဝါတစ်ကောင်ကောင် ( ဥပမာ ခွေးလေး၊ ကြောင်လေး ) အခန်းထဲရောက်ရင် ဂနာမငြိမ်ပဲ တစ်မိနစ်ထက်ပိုမနေကြတာ၊ အခန်းထဲမှာ အလှထိုးထားတဲ့ ပန်းတွေ ခဏလေးနဲ့ညှိုးသွားတဲ့အခါ၊ အခန်းထဲမှာ ကိုယ့်အပြင်နောက်ထပ်တစ်ယောက်ယောက်ရှိနေတယ်လို့ခံစားမိတဲ့အခါ၊ အလိုလိုနေရင်း ( goosebump ) ကြက်သီးထတတ်တဲ့အခါ အခန်းကိုသေသေချာချာစစ်ဆေးဖို့လိုနေပါပြီ။ သင်အိပ်လို့မရတဲ့အကြောင်းက သင်မဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက်ယောက်ကြောင့်ဖြစ်နိုင်တယ်။

( ၂ ) တစ်ယောက်ယောက်နဲ့အိပ်သူတွေအတွက်

ကိုယ့်ဘေးနားမှာ တစ်ယောက်ယောက်ရှိနေပါရဲ့ အိပ်မပျော်တာမျိုး၊ တစ်ယောက်ယောက်စောင့်ကြည့်မှုအောက်ရောက်နေတယ်လို့ခံစားမိတာမျိုး၊ ခေါင်းရင်းမှာ တစ်ယောက်ယောက်က ကိုယ့်ကိုငုံ့ကြည့်နေတယ်လို့ခံစားနေရတာမျိုး၊ မမြင်နိုင်တဲ့အရာတစ်ခုခုက အိပ်ပျော်ခါနီးတိုင်းကိုယ့်ကိုထိကိုင်နေတယ်လို့ခံစားရတာမျိုး၊ အိပ်ပျော်ခါနီးတိုင်း နားထဲမှာ ပုံမှန်မဟုတ်တဲ့အသံတွေကြားရပြီး ပြန်နိုးလာတာမျိုး၊ ခြင်ထောင်မျက်နှာကျက်မှာ တစ်ခုခုပျံဝဲနေတယ်လို့ခံစားနေရတာမျိုး ဖြစ်နေတယ်ဆိုရင် အိပ်တဲ့နေရာ နဲ့ အိမ် ကို ပြန်စစ်ဆေးဖို့အချိန်ပါပဲ။ မကောင်းတဲ့ အငွေ့အသက်တစ်ခုခုက စတင်လွှမ်းခြုံနေတာ ဒါမှမဟုတ် အမြစ်တွယ်စ ပြုနေတဲ့အချိန်ဖြစ်တယ်လို့ဆိုလိုပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ ?

အိပ်မပျော်ရတဲ့ရောဂါ ( insomnia ) ဆိုတာ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ နေ့ခင်းဖက်စိတ်ဖိစီးမှုတွေများလွန်းတာ၊ စိတ်ကျရောဂါ နဲ့ ပတ်သက်တဲ့ဆေးတွေသောက်ရင်း ဆေးယဉ်ပြီး အိပ်မပျော်တော့တာ၊ ဇီဝနာရီပျက်ယွင်းတာ၊ အိပ်ခါနီး ကိုယ်လက်လှုပ်ရှားပြင်းပြင်းထန်ထန်လုပ်မိတာ၊ အိပ်ပျော်ခြင်းကိုဖြစ်စေတဲ့ serotonin ဓာတ်ထွက်ရှိမှုကိုတားဆီးတဲ့ အစားအသောက်တွေစားမိတာ ( ဥပမာ ကော်ဖီ၊ ကဖိန်းဓာတ်ပါတဲ့ဖျော်ရည်တွေ၊ လက်ဖက်ရည်၊ လက်ဖက် ) ဒါတွေဟာ အိပ်မပျော်ရခြင်းအကြောင်းအရင်းတွေပါ။ ဒါပေမယ့် စာဖတ်သူက ဒီလိုမျိုးတွေထဲက တစ်ခုမှမငြိသလို အရင်တုန်းက အိပ်ပျော်ပြီး အခုကျမှ ချက်ခြင်းကြီး အိပ်လို့မရတာမျိုးဆိုရင်တော့ ဖြစ်နိုင်တာတွေအများကြီးရှိတယ်။

ကိုယ့်အိမ်က အသစ်လား .. အသစ်ဆိုရင် ဒီအိမ်နဲ့ပတ်သက်ပြီး မကောင်းသတင်းရှိလား ( မတော်တဆလူသေဆုံးဖူးလား )၊ အိမ်ကိုအဝင်အထွက်လုပ်နေတဲ့မိသားစုဝင်မဟုတ်သူတွေရှိလား၊ အိမ်ကို တခြားက ပစ္စည်းတစ်ခုခုအမှတ်တမဲ့သယ်လာဖူးလား ? အဲဒီလိုတစ်ခုခုလုပ်ဖူးတယ်ဆိုရင် အိပ်မပျော်ရတဲ့ အကြောင်းထဲက တစ်ချက်ဖြစ်ဖို့များပါတယ်။

အိပ်မပျော်ရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်။ ရုရှားပြည်မှာ နောက်ဆုံးဇာဘုရင်မျိုးဆက် ထီးနန်းစိုးစံချိန်မှာ ဇာဘုရင်က ညညအိပ်မပျော်တဲ့ဝေဒနာဖြစ်တယ်။ ဘာကြောင့်မှန်းမသိ ညရောက်ပြီဆိုတာနဲ့ ကြောက်စိတ်တွေမတရားဖြစ်တယ်၊ တစ်ခုခုက သူ့အနားရစ်ဝဲနေသလိုခံစားရသတဲ့။ အဲ့ဒါနဲ့ နန်းတွင်းက သမားတော်တစ်ယောက်အကြံပေးမှုအရ ရပ်စ်ပြူတင် ( ဂရီဂိုရီ ယဖ်မင်မိုဗစ်ချ် ရပ်စ်ပြူတင် )  ဆိုသူ ဆေးဆရာတစ်ယောက်ကို ပင့်ဖိတ်ပြီး အစီအရင်တွေနဲ့လုပ်မှ အိပ်မပျော်တဲ့ရောဂါပျောက်သွားသတဲ့။

နောက်မှသိရတာဟာ သူ့နန်းတော်ထဲမှာ ကသောင်းကနင်းဖြစ်စေတဲ့နတ်ဘုရားခုနှစ်ပါး ( Ogdru Jahad - အော့ဂ်ဒရူဂျာဟတ် ) ဆိုတဲ့ နတ်ဆိုးတွေရောက်နေတာဖြစ်တယ်လို့ သိရတယ်။ တကယ်တော့ ရပ်စ်ပြူတင် ဟာ အဲ့ဒီနတ်ဘုရားတွေကို သူကိုယ်တိုင်နန်းတော်ထဲ အစီအရင်နဲ့ပင့်ဖိတ်ခဲ့တာဖြစ်ပြီး ဘုရင့်နန်းတွင်းထဲဝင်ရအောင်လုပ်ခဲ့တာတဲ့။ နောက်ပိုင်းမှာတော့ နန်းတော်ထဲက အပျိုတွေ၊ မောင်းမတွေ၊ နောက်ဆုံး မိဖုရားနဲ့ပါ ဖောက်ပြန်မှုတွေဖြစ်ပြီး အုပ်ချုပ်ရေးကို ဝင်ရောက်လွှမ်းမိုးတဲ့အထိဖြစ်လာတော့  ဘုရင်ကိုယ်တိုင်က သတ်ပစ်ဖို့အမိန့်ချရတယ်။မင်းမျိုးမင်းနွယ်တွေဖြစ်ကြတဲ့ မင်းသား ဖီးလစ်ယူဆူပေါ့ဗ် နဲ့ မြို့စား ဒီမီထရီ ပက်ဘလိုဗစ်ချ် တို့က သတ်ပစ်ဖို့ကြံရသတဲ့။ ဆိုင်ယာနိုက်အဆိပ်ပါတဲ့ ဝိုင်အရက်၊ မုန့်တွေကျွေးလည်း မသေတာမို့နောက်ဆုံး မင်းသား ယူဆူပေါ့ဗ် က ရင်အုပ် နဲ့ ခေါင်းတည့်တည့်ကိုသေနတ်နဲ့ပစ်မှသေသွားခဲ့တယ်။ သူ့အလောင်းကိုတော့ မလာယာနက်ဗ်ကာ ဆိုတဲ့မြစ်ထဲပစ်ချခဲ့တယ်လို့ဆိုတယ်။

ဒါကတော့ ဗဟုသုတအရပြောတာပါ။ တကယ်လို့ ဘာအကြောင်းမယ်မယ်ရရမရှိပဲ ညညအိပ်မပျော်တာတွေဖြစ်လာတယ်၊ အပေါ်မှာပြောခဲ့သလိုပဲ ခံစားနေရတယ်ဆိုရင်တော့ စစ်ဆေးပြီး ဆောင်ရွက်သင့်တာတွေဆောင်ရွက်သင့်တယ်လို့ထင်ပါတယ်။

Gabriel
( ဖတ်ဖူးသိဖူးသမျှ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ ကွန်မြူနစ်မဟုတ်၊ခေတ်နောက်ပြန်မဆွဲ၊ ခြောက်လုံးလှန့်လုံးများပေးနေခြင်းမဟုတ်ပါ။ ဗဟုသုတအဖြစ်သာ ဖတ်ကြပါရန် )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။