သီရိလင်္ကာဗုံးဖောက်ခွဲမှုကြိုးကိုင်သူ၏ ဇနီးက သားသမီးများနှင့်အတူတူအသေခံဗုံးဖောက်ခွဲ

ဧပရယ် ၂၅၊ ကိုလံဘို၊ သီရိလင်္ကာ

သီရိလင်္ကာအကြမ်းဖက်ဗုံးဖောက်ခွဲမှုအဓိကကြိုးကိုင်သူ၏ ကိုယ်ဝန်ဆောင်ဇနီးသည်မှ သားသမီးများနှင့်အတူတူ အသေခံဗုံးဖောက်ခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်သုံးဦးပါ သေဆုံးခဲ့သည် ဟု ရုရှ နေ့စဉ်သတင်းစာ ကထည့်သွင်းဖော်ပြသည်။

သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘို နှင့် နိုင်ငံတစ်ဝန်းဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူဦးရေမှာ ယခုအခါ ( ၃၅၉ ) ဦးရှိနေပြီဖြစ်ပြီး အကြမ်းဖက်မှုနှင့်စပ်ဆက်နေသော တရားခံ ( ၉ ) ဦးအနက် ( ၈ ) ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ပြီဖြစ်သည်။ ထို့ပြင် အကြမ်းဖက်ကွန်ယက်နှင့်ပတ်သက်ဖွယ်ရှိသော နောက်ထပ်တရားခံပေါင်း ( ၆၀ ) ကိုလည်း ထိန်းသိမ်းထားသည်ဟုသိရသည်။

အဓိကပါဝင်သော ကြိုးကိုင်သူ ( ၈ ) ဦးမည်သူမည်ဝါဖြစ်သည်ဆိုကြောင်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေငြာခြင်းမရှိချေ။ သို့သော် ခိုင်လုံသောသတင်းတစ်ချို့အရ အဓိက ကြိုးကိုင်သူများမှာ အီစွတ်အာမက်အီဗရာဟင်မ် နှင့် အာမန်အာမက် အီဗရာဟင်မ် ဆိုသော ကြေးနီစက်ရုံပိုင်ရှင် ညီအစ်ကိုနှစ်ဦးဖြစ်သည်ဟုဆိုသည်။ ထိုနှစ်ဦးအနက် ညီဖြစ်သူ အာမန်အာမက် အီဗရာဟင်မ် မှာ အသေခံဗုံးခွဲမှုပြုလုပ်ခဲ့ပြီး ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သည်ဟု သိရသည်။

ထိုညီအစ်ကိုနှစ်ဦးအနက်မှ တစ်ဦး၏ ဇနီးမယားဖြစ်သော ဖာတီမာအီဗရာဟင်မ် ၏ နေအိမ်သို့ရဲတပ်ဖွဲ့ဝင်များရောက်ရှိစဉ် ဖာတီမာက သူမ၏ သားသမီးသုံးယောက်နှင့်အတူ ခန္ဓာကိုယ်တွင် ဗုံးခါးပါတ်ပတ်ပြီး အသေခံဖောက်ခွဲမှုပြုလုပ်ခဲ့သဖြင့် သူမအပါအဝင် သားသမီးသုံးဦး နှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးလည်းသေဆုံးခဲ့ရသည်ဟုသတင်းရရှိသည်။ ထို့ပြင် ဖာတီမာ မှာ ကိုယ်ဝန်အရင့်အမာနှင့်ရှိနေသည်ဟုလည်း ရဲတပ်ဖွဲ့ကဆို၏။

အသေခံဗုံးခွဲသူများမှာ ပေါ့သေးသေးလမ်းဘေးနေလမ်းဘေးစားများတော့မဟုတ်ချေ။ ပညာတတ်၊ ပိုက်ဆံရှိသူများဖြစ်ပြီး တစ်ချို့ဆိုလျှင် သြစတေးလျ၊ အမေရိက စသော နိုင်ငံတစ်ချို့မှ နာမည်ကျော်တက္ကသိုလ် နှင့် ကောလိပ်များတွင် ဘွဲ့ရရှိထားသူများဖြစ်ကြသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နိုင်ငံအခြေအနေမှာတည်ငြိမ်ခြင်းမရှိသေးသလို ပြီးခဲ့သည့်နေ့ကလည်း ကိုလံဘိုနိုင်ငံတကာလေဆိပ်ဝင်ပေါက်လျှောက်လမ်းတွင် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိခဲ့ရပြီးနောက် လေဆိပ်ကိုခေတ္တပိတ်ထားခဲ့သည်။ ထို့နောက် အခြေအနေပုံမှန်ဖြစ်သွားပြီး လေဆိပ်ကိုပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

သီရိလင်္ကာတွင် ယခုအခါ နေဝင်မီးငြိမ်း ( ကာဖျူး ) နှင့် ညမထွက်ရ ( မာရှယ်လော ) အမိန့်များချမှတ်ထားကြောင်းလည်း သိရသည်။

Gabriel
Source - CNN



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။