Endgame ကြည့်ပြီး ရုံအပြင်မှာ အော်ကြီးဟစ်ကျယ် spoil ခဲ့တဲ့လူကို ပရိသတ်တချို့က ဝိုင်းသမခဲ့

မာဗယ်ရဲ့ပရိသတ်တွေ တစ်နှစ်တာလုံး စောင့်ဆိုင်းလာရတဲ့ Avengers: Endgame ကို ပြီးခဲ့တဲ့ ၂၆ ရက်နေ့ ကတည်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ပြသနေပါပြီ။ ကြိုတင်လက်မှတ်ရောင်းချချိန်ကလည်း အလုအယက်ဝယ်ယူခဲ့ကြတဲ့ ရုပ်ရှင်ကို ဘယ်သူကမှတော့ spoil မမိချင်တာ သေချာပါတယ်။ အဲဒါကြောင့် ကြည့်ပြီးတဲ့သူတွေအနေနဲ့ spoil မလုပ်ကြဖို့ မာဗယ်ကရော ပရိသတ်တွေကပါ လူမှုကွန်ယက်စာမျက်နှာတွေက တဆင့် မေတ္တာရပ်ခံခဲ့ကြပါတယ်။ 

ဒါပေမဲ့ ဟောင်ကောင်မှာတော့ ရုပ်ရှင်ကြည့်ပြီးထွက်လာတဲ့ လူတစ်ယာက် ဟာ ရုပ်ရှင်ရုံအပြင်ဘက်မှာ ဇာတ်လမ်းအကြောင်းကို အော်ကြီးဟစ်ကျယ်လျှောက်ပြောခဲ့တာကြောင့် ပရိသတ် တချို့က ဝိုင်းသမတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ AsiaOne သတင်းဌာနက ဖော်ပြထားတဲ့ ဓာတ်ပုံမှာတော့ ဝိုင်းသမခံလိုက်ရတဲ့ အဲဒီလူဟာ သွေးစသွေးနတွေ ပျံ့ကြဲနေတဲ့ သံမန်တလင်းပေါ်မှာ ထိုင်နေတဲ့ပုံကို တွေ့မြင်ရပါတယ်။

Endgame ကြည့်ရူမယ့် ပရိသတ်တချို့ဟာ ရုပ်ရှင်ပြသမယ့်ရက်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်ခဲ့ကြပြီး တချို့ဆိုရင် spoil ရှောင်ဖို့အတွက် လူမှုကွန်ယက် စာမျက်နှာတွေကိုတောင် ခဏအသုံးမပြု ဘဲ ရှောင်ရှားခဲ့ကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကြည့်ဖို့အသွားမှာ အခုလို အော်ကြီးဟစ်ကျယ် spoil တဲ့သူနဲ့ ကြုံရတဲ့ အခါ အတော်လေးစိတ်အနှောင့်အယှက် ဖြစ်ခဲ့ကြပါတယ်။ အဲဒီထဲကမှ ဒေါသမထိန်းနိုင်တဲ့ သူတချို့က အဲဒီလူကို အခုလို ဝိုင်းသမခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုပြသနေတဲ့ Avengers: Endgame ရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ်ကပြသခဲ့တဲ့ Avengers: Infinity War ရဲ့ အဆက် ဖြစ်ပြီး MCU ရဲ့ timeline တစ်ခု အဆုံးသတ်တဲ့ ရုပ်ရှင်အဖြစ်လည်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေပါတယ်။ အခုလိုအဆုံးသတ်ရုပ်ရှင်ဖြစ်လာဖို့အတွက် မာဗယ်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်တာ ကာလ အတွင်းမှာ ဇာတ်လမ်းပေါင်း ၂၁ ကားကို အချိတ်အဆက်မိမိ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ ခေတ်အဆက်ဆက် အကောင်းဆုံးစူပါဟီးရိုးရုပ်ရှင်အဖြစ် ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက်ကောင်းကို ရရှိထားတဲ့ Endgame ဟာ အစောပိုင်းကတည်းက spoil အမျိုးမျိုးထွက်ရှိခဲ့ပါတယ်။ မာဗယ်ကလည်း spoil မထွက်ဖို့အတွက် သရုပ်ဆောင်ပိုင်းကအစ ကန့်သတ်ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ပြီး ပရိသတ်တချို့ကလည်း spoil ရှောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ Endgame ရဲ့ ၅ မိနစ် ဗီဒီယို spoil လည်း ထွက်ရှိ လာခဲ့ပါသေးတယ်။ 

by Cherry Mon

Ref; Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။