ဘယ်တော့မှ စိတ်ချမ်းသာမှုရှိမှာမဟုတ်တဲ့ Relationship ပြဿနာ (၉)မျိုး

Relationship တစ်ခု ခိုင်မြဲပြီး သစ္စာရှိဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးရုံတင်မကဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း လိုအပ်ပါတယ်။ တကယ်လို့ သင်ဟာ ပြသာနာတစ်ခုခုကို စိတ်ခံစားချက်အတိုင်း ဖြေရှင်းမယ် အရှေ့အနောက်စဉ်းစားမှုမရှိဘူးဆိုရင် ကောင်းမွန်တဲ့ အဖြေတစ်ခုတစ်ခု ထွက်မလာဘဲ ပြသာနာတွေသာ တိုးပွားလာနိုင်ပါတယ်။ တကယ်တော့ ခိုင်မာတဲ့ Relationship ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုပေးပြီး လေးစားမှုရှိရပါတယ်။ မကြာခဏ ပြသာနာတွေတက်၊ စကားများနေတဲ့ဆက်ဆံရေးဟာ ရေရှည်ဆို ကိုယ့်ကိုပဲထိခိုက်စေပါတယ်။

၁။ သူငယ်ချင်းတွေနဲ့အပြင်သွားရင် မလွှတ်ဘူး

သူငယ်ချင်းတွေနဲ့ တွေ့ရင်လည်း တွေ့ပြန်ပြီ၊ ခဏတဖြုတ် အလည်သွားရင်လည်း သွားပြန်ပြီဆိုပြီး ပြသာနာရှာတတ်တဲ့ Relationship တွေ အများကြီးရှိပါတယ်။ ဒါ့အပြင် သူပါမှ သွားရမယ်ဆိုပြီး ဘေးကနေ အမြဲတမ်းတကောက်ကောက် လိုက်နေတတ်တဲ့ Relationship မျိုးလည်းရှိပါသေးတယ်။ အဲ့ဒါချစ်တယ်လို့ ထင်ရပေမယ့် သတိပေးနေတဲ့ လက္ခဏာပါ။ တစ်ခါတစ်လေ ကိုယ့်ချစ်သူကို သူငယ်ချင်းတွေနဲ့ အချိန်ပေးသင့်တယ်ဆိုတာ နားလည်သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နေရာပေးမှ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်နိုင်မှာပါ။

၂။ ကိုယ့်ပိုက်ဆံကိုပါ စီမံလာမယ်

ဒီတစ်ခုက နဲနဲတော့ ပြောရခက်တယ်ဗျ။ Relationship တစ်ခု ရေရှည်မြဲလာပြီဆိုရင် ပိုက်ဆံအပ်ရတယ်ဆိုတဲ့ နောက်ဆက်တွဲ အကျိုးဆက်က ပါလာတော့တာပဲ။ အဓိကကတော့ ယုံကြည်မှုထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အရင်ဆုံး ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုရှိအောင်နေပါ။ ပိုက်ဆံတွေကို စီမံခန့်ခွဲပြီးတော့ ဘယ်လောက်သုံးရမယ်၊ ဘယ်လောက်ဆို အဆင်ပြေမယ်လို့ ဆုံးဖြတ်ပေးနေတာဟာ သာမာန်တိုင်းကြည့်မယ်ဆိုရင် ချစ်လို့၊ အသုံးအဖြုန်းကြမ်းမှာဆိုးလို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိပေမယ့် တကယ်တော့ ဒါဟာ လူ့အခွင့်အရေး ထိန်းချုပ်ခံရတာပါပဲ။

၃။ ဖုန်းထဲက password တွေပေးထားခြင်း

သင့်ရဲ့ ကိုယ်ပိုင် Facebook ၊ E-Mail နဲ့ အခြားအချက်လက် password တွေပေးထားခြင်းက အချစ်ကို သက်သေပြတာ မဟုတ်ပါဘူး။ အဲ့ဒါ ဆက်ဆံရေးတစ်ခု အဖုအထစ်ဖြစ်စေမယ့် အစပျိုးမှုတွေပါပဲ။ ကိုယ့်ချစ်သူနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခွဲခြားထားပါ။ အထိန်းချုပ်မခံပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိမှ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုဖြစ်မှာပါ။ 

၄။ ဘယ်လိုဝတ်စားဖို့ ပြောမယ်

ဘယ်အရောင်လေးက လိုက်တယ်၊ ဘယ်ပုံစံနဲ့ မလိုက်ဘူးဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချပါ။ ချစ်သူပြောလို့ မကြိုက်လဲဝတ်၊ ကြိုက်လဲ ဝတ်ဆိုတဲ့ ပုံစံမျိုးမလုပ်ပါနဲ့။ အဝတ်အစားကိစ္စလောက်ကတော့ သူတို့ ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဝတ်စားပုံက ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် တည်ဆောက်ဖို့က ခက်ခဲပေမယ့် ဘာလိုအပ်တယ်ဆိုတာ ကိုယ်သာလျှင် အသိဆုံးပါ။

၅။ အကြာကြီးနေမှ ဖုန်းကိုင်ရင်စိတ်ဆိုးမယ်

ဒီအပြုအမူတွေက သင့်ကို စိတ်အနှောင့်ယှက်မဖြစ်ပါဘူးလို့ ထင်ရင် ချစ်သူထားတယ်ဆိုတာ ကိုယ့်စိတ်ထဲ ပျော်ရွှင်ချင်လို့ စိတ်ရှုပ်အောင်လုပ်ဖို့ မဟုတ်ဘူးဆိုတာ အကြံပေးပါရစေ။ ချစ်သူဆီက Miss Call တွေများ ဝင်နေမလားဆိုပြီး အချိန်တိုင်း စိုးရိမ်နေရမယ်ဆိုရင် တစ်ခုခုတော့မှားနေပြီနော်။

၆။ သူငယ်ချင်းအရင်းကြီးတွေနဲ့တောင် သဝန်တိုမယ်

တစ်ခါတလေတော့လည်း ရယ်ရတယ်ဗျ။ ချစ်သူတွေကြားမှာ သဝန်တိုတယ်ဆိုတဲ့ စကားလုံးက ချစ်ဖို့ကောင်းပေမယ့် သဝန်ကြောင်တာကြီးကတော့ အမြင်ကတ်စရာကောင်းပါတယ်။ တကယ်တော့ သဝန်တိုတယ်ဆိုတာကလည်း ရောဂါတစ်မျိုးပါပဲ။ တစ်ခါတစ်လေ ကိုယ်တွေက အဲ့ဒါကိုဟာသလုပ်နေပေမယ့် ဟာသတွေကနေ အတည်ဖြစ်လာတတ်တယ်။ ချစ်သူက ကိုယ့်ကိုမယုံကြည်ဘူးဆို ဘယ်တော့မှမတည်မြဲနိုင်ပါဘူး။

၇။ စိတ်ထဲရှိတဲ့အတိုင်း ပြောဖို့ တွန့်ဆုတ်နေမယ်

ချစ်သူတွေကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ တစ်ယောက်အခက်အခဲ တစ်ယောက်ကူညီဖြေရှင်းရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် ကြောက်နေရမှာ မဟုတ်ဘူး။ ချစ်သူဆိုတာ ရင်ဖွင့်ဖော်လို့လည်း ပြောလို့ရပါတယ်။ ကိုယ်ကြောက်ရွံနေရမယ့် လူမဟုတ်ပါဘူး။ နောက်တစ်ခု အဆိုးဆုံးက ပြသာနာတစ်ခုဖြစ်ရင် သူဘက်က မှန်သလို ကိုယ့်ဘက်ကလည်း မှန်တတ်ပါတယ်။ ဒါကို ပြန်မပြောရဲဘဲ ငြိမ်ခံနေမယ်ဆိုရင် သင့်ဘဝ သင်သာ စဉ်းစားလိုက်တော့ ငါဘယ်ဘဝရောက်နေပြီလဲလို့ …။

၈။ စော်ကားမယ်

ဘာမဟုတ်တဲ့ အသေးအမွှားပြဿနာလေးတွေတောင် ကိုယ့်ချစ်သူက လက်ပါနေပြီလား။ အဲ့လိုမျိုးအကျင့်တွေကို ခွင့်မပြုသင့်ပါဘူး။ Relationship တစ်ခုမှာ ကိုယ့်အတွက်ကို သတ်မှတ်ချက်တွေထားသင့်တယ်။ ကိုယ့်ကို လက်ပါနေပြီဆိုသေချာစဉ်းစားပါတော့။ ကိုယ်က အဖိနှိပ်ခံမဟုတ်ဘူး။ တစ်ခါ လက်ပါဖူးရင် နောက်ဆို သင့်ကို လက်ပါဖို့ ဝန်လေးတော့မှာ မဟုတ်ပါဘူး။

၉။ သူငယ်ချင်းတွေ သတိပေးလာမယ်

သင့်ရဲ့ အခက်အခဲတွေ စိတ်ညစ်မှုတွေကို မြင်တွေ့နေရတဲ့ သူငယ်ချင်းတွေပြောရင် နားထောင်လိုက်ပါ။ ဘာလို့လဲဆိုတော့ အခြေအနေတစ်ခုကို မတူညီတဲ့ဘက်ပေါင်းစုံကနေ ကွဲပြားစွာ မြင်နိုင်ပါတယ်။ မိသားစု (သို့) သူငယ်ချင်းတွေမှာ ကောင်းမွန်တဲ့ အိုင်ဒီယာတွေရှိနေတတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်က အမြင်မတူဘူးလေ။ သင်ဝမ်းနည်းနေတာ၊ တိတ်ဆိတ်နေတာကို သင့်ဘေးနားက လူတွေမြင်နေရပါတယ်။ သင်သတိမထားမိလို့ပါ။

အပေါ်က ပြောခဲ့တဲ့ အချက်(၉)ချက်ဟာ ချစ်သူတိုင်း ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲတွေပါဘဲ။ ကိုယ့်စိတ်ကိုယ်တောင် မပိုင်တာ သူများ စိတ်ကို ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ ကိုယ့်ချစ်သူကို ချစ်လို့ တားမြစ်တာ ပိတ်ပင်တာတွေဟာ ချစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိပေမယ့် ငါပြောရင် ရပါတယ်၊ ငါလုပ်ခိုင်းရင် လုပ်မှာပါဆိုတဲ့ အတ္တစိတ်တွေပါလာရင်တော့ သင်ဟာ သူတပါးရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲဆိုတာ သတိရလိုက်ပါတော့…။

Writer 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။