Endgame ကြည့်ပြီး အငိုလွန်ခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရတဲ့ ကျောင်းသူလေး

ရုပ်ရှင်ဇာတ်လမ်းကြည့်ပြီး ငိုတယ်ဆိုတာ မကြုံဖူးသူတွေကတော့ အပိုတွေလို့ထင်ကြမှာပါ။ အထူးသဖြင့် Avengers: Endgame လို စူပါဟီးရိုးကားမျိုးအတွက်ပေါ့။ ဒါပေမဲ့ တရုတ်နိုင်ငံ၊ နင်းဘိုက အသက် ၂၁ နှစ် အရွယ် ကောလိပ်ကျောင်းသူလေး ရှောင်လီကတော့ တရုတ်နိုင်ငံမှာ ၂၄ ရက်နေ့ကပြသတဲ့ Avengers: Endgame ရဲ့ ပွဲဦးထွက် ညဘက်ရုပ်ရှင်ပွဲစဉ်မှာ အသည်းအသန်ငိုယိုခဲ့တာကြောင့် ဆေးရုံတင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။


ဒေသတွင်သတင်းဌာနတစ်ခုရဲ့ အဆိုအရ ရှောင်လီဟာ တရုတ်နိုင်ငံမှာ ဧပြီ ၂၄ ရက်နေ့က ပြသခဲ့တဲ့ Avengers: Endgame ညဘက်ပွဲစဉ်ကို ကြည့်ရှုခဲ့ ပြီး ပြသနေစဉ်အတွင်းမှာပဲ အသည်းအထန်ငိုယိုခဲ့ပါတယ်။ အဲဒီလိုငိုယိုတာကြောင့် ရင်ဘတ်အောင့်ပြီး အသက်ရှူရခက်သွားတဲ့အထိ ဖြစ်ခဲ့တာပါ။ အရေးပေါ်ကားပေါ် မရောက်ခင်မှာလည်း သူမရဲ့ခြေတွေလက်တွေ ကပ်ပြီး အကြောဆွဲတာမျိုး ဖြစ်ခဲ့ပါသေးတယ်။


သူမကိုပို့ဆောင်ခဲ့တဲ့ ဆေးရုံကဆရာဝန်တစ်ယောက်ရဲ့ အဆိုအရ သူမဟာ အရမ်းငိုကြွေးခဲ့တာကြောင့် အသက်ပြင်းပြင်းရှူလိုက်မိပြီး hyperventilate လို့ခေါ်တဲ့ ပုံမှန်ထက်မြန်မြန် အသက်ပြင်းပြင်းရှူရာကနေ သွေးတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် လျော့ပါးသွားစေပြီး တက်ခြင်း ဒါမှမဟုတ် မူးမော်ခြင်းမျိုး ဖြစ်သွား ခဲ့တာပါ။ သူမကို သက်သောင့်သက်သာနေစေကာ အောက်ဆီဂျင်ပေးပြီး သိပ်မကြာခင်မှာတော့ သူမရဲ့ အခြေအနေ ပြန်လည်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။


အဲဒီဖြစ်ရပ်ဟာ နိုင်ငံတကာသတင်းမီဒီယာတွေထက်မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေကလည်း အမျိုးမျိုးဝေဖန် ပြောဆိုခဲ့ကြပါတယ်။ တချို့ကလည်း သူတို့ကိုယ်တိုင် Endgame ကြည့်ပြီး တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းခံစားခဲ့ကြကြောင်း မျှဝေခဲ့ကြပါတယ်။


ဒီဖြစ်ရပ်အပေါ် မာဗယ်နဲ့ Avengers ရုပ်ရှင်ဇာတ်လမ်းတွေရဲ့ ပရိသတ်မဟုတ်ရင် နားလည်ဖို့ခက်ခဲနိုင်ပေမဲ့ မာဗယ်ပရိသတ်တွေကတော့ ကျောင်းသူလေးရဲ့ အခုလိုခံစားချက်ကို ကောင်းကောင်းနားလည်ကြမှာပါ။ ဆယ်နှစ်တာလုံး သံယောဇဉ်ရှိလာတဲ့ ဇာတ်ကောင်စရိုက်တွေဟာ အပြင်လက်တွေ့မှာပါ တကယ်ကို လွှမ်းမိုး နိုင်စွမ်းရှိပြီး ပရိသတ်တွေအတွက်တော့ မောင်နှမသားချင်းလို မိတ်ဆွေသူငယ်ချင်းလို သံယောဇဉ်မျိုး ရှိနေကြတာပဲ ဖြစ်ပါတယ်။


By Cherry Mon


Ref; 9gag, Says

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။