ပွဲဦးထွက်မှာတင် ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ကမ္ဘာ့စံချိန်တင်နေတဲ့ Avengers: Endgame

ရုံမတင်ခင်ကတည်းက ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ MCU ရဲ့ Avengers: Endgame ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကစလို့ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ရုံတင်ပြသနေပါပြီ။ ကြိုတင်လက်မှတ်ရောင်းစဉ်ကတည်းက မကြုံစဖူးစံချိန်တင်ခဲ့ပြီး လက်မှတ်အရောင်းဝဘ်ဆိုက်တွေ error တက်တဲ့အထိ လက်မလည်အောင် ရောင်းအားကောင်းခဲ့ပါတယ်။ အခုဆိုရင်လည်း Avengers: Endgame ဟာ ပထမဆုံးပွဲဦးထွတ် ရက်သတ္တပတ်ကုန်ရက်မှာတင် အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ ဝင်ငွေရရှိခဲ့ပြီး Box Office ရဲ့သမိုင်းကို စံချိန်ချိုးသွားခဲ့ပါတယ်။


အဲဒီနှုန်းထားအရဆိုရင် Endgame ဟာ အရင်က ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ ဝင်ငွေစံချိန်ချိုးထားခဲ့ဖူးတဲ့ Avatar နဲ့ Titanic ထက်ရော Star Wars  ထက်ပါ သာလွန်ပါတယ်။ အရင်နှစ်က Avengers: Infinity War တုန်းက ပထမဆုံးပွဲဦးထွက် ရက်သတ္တပတ်ကုန်ရက်မှာ ပြည်တွင်းဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂ မီလျံကျော်ပဲ ရရှိခဲ့တာကြောင့် Endgame ဟာ Infinity War ထက် အများကြီး ကျော်လွန်သွားခဲ့ပါတယ်။ ဒါ့ပြင် Infinity War ဟာ ၁ ဘီလျံဆိုတဲ့ ဝင်ငွေပမာဏရဖို့အတွက် အချိန် ၁၁ ရက် ယူခဲ့ရပါတယ်။ Endgame ကတော့ ၅ ရက်တည်းနဲ့ ၁ ဘီလျံကျော် ဝင်ငွေရရှိခဲ့တာ ဖြစ်ပြီး အလျင်မြန်ဆုံး စံချိန်တင်နိုင်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။


Endgame ဟာ ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ဈေးကွက်ကြီးဖြစ်တဲ့ မြောက်အမေရိကမှာ ပထမဆုံးပွဲဦးထွက်တစ်ရက် တည်းနဲ့တင် ဒေါ်လာ သန်း ၁၄၀ ကျော် ဝင်ငွေရရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၈ ရက်နေ့ကအထိ ဒေါ်လာ သန်း ၃၅၀ ကျော် ရရှိခဲ့ ပါတယ်။ ကမ္ဘာ့အကြီးဆုံး box office ဈေးကွက်နှစ်ခုထဲက တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာလည်း ပထမဆုံးရက် ကတည်းက အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၅ သန်း ကျော်လွန်သွားခဲ့ပြီး တရုတ်နိုင်ငံအတွက် အဲဒီလိုဝင်ငွေ စံချိန်ချိုးခဲ့တဲ့ ပထမဆုံးနိုင်ငံခြားရုပ်ရှင်အဖြစ်လည်း စံချိန်တင်သွားခဲ့ပါတယ်။


Avengers: Endgame ဟာ စူပါဟီးရိုးရုပ်ရှင်အမျိုးအစားဖြစ်ပြီး စွမ်းရည်တစ်မျိုးစီရှိကြတဲ့ “Avengers” လို့ နာမည်ပေးထားတဲ့ စူပါဟီးရိုးအဖွဲ့ကြီးဟာ စကြဝဋ္ဌာပေါ်မှာရှိတဲ့ သက်ရှိတစ်ဝက်တိတိကို အမှုန့်ဖြစ်အောင် ဖျောက်ဖျက်ပစ်ခဲ့တဲ့ တိုက်တန်ဂြိုလ်ပေါ်က စွမ်းအားအကြီးဆုံးဗီလိန်ကြီး Thanos ကို ဆန့်ကျင် တိုက်ခိုက်ကြပုံကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။


Endgame မှာ ရောဘတ်ဒေါင်းနေးဂျူနီယာ၊ ခရစ္စအီဗန်၊ မာ့ခ်ရက်ဖ်လို၊ ခရစ္စဟမ်းစဝေါ့သ်၊ စကားလက် ဂျိုဟန်ဆင်၊ ဘရီးလာဆန်၊ ဂျယ်ရမီရမ်းနားနဲ့ ဂျော့ရှ်ဘရိုလင်တို့လို နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင် များစွာ ပါဝင်ပါတယ်။ မာဗယ်စတူဒီယိုရဲ့ ပဲ့ကိုင်ရှင် ကီဗင်ဖေ့ဂျ်က ထုတ်လုပ်ပြီး အန်သိုနီရက်ဆိုနဲ့ ဂျိုးဘရက်ဆိုတို့ စီစဉ်ရိုက်ကူးထားတဲ့ Avengers: Endgame ဟာ ကုန်ကျစရိတ်အနေနဲ့ ၃၅၆ သန်း ကုန်ကျခဲ့ ပေမဲ့ အခုလက်ရှိအချိန်မှာတော့ ၁ ဒသမ ၂၂၃ ဘီလျံအထိ ဝင်ငွေရရှိနေပြီ ဖြစ်ပါတယ်။


 By Cherry Mon


Ref; Daily Mail, The Guardian, Tech Crunch, Fandom Wire

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။