အွန်လိုင်းမှာ အလှောင်ခံရမှုကြောင့် မိမိကိုယ်ကိုသတ်သေခဲ့တဲ့ ၁၂ နှစ်အရွယ် ကောင်မလေး

အခုခေတ် နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ လူမှုကွန်ယက်တွေဟာလည်း မသုံးတတ်ရင်ဘေး၊ သုံးတတ်ရင် ဆေး ဆိုသလိုပဲ ကောင်းကျိုးရော ဆိုးကျိုးကိုပါ ပေးပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ အလှှောင်ပြောင် ခံရမှုကြောင့် အရွယ်ရောက်ပြီးသားလူကြီးတွေတောင် စိတ်ဓာတ်ရေးရာ ပြဿနာတွေ ရင်ဆိုင်ကြုံတွေရပြီး အဆိုးဆုံး ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိပါ ဖြစ်နိုင်ပါတယ်။ စိတ်အရမ်းနုသေးတဲ့ ကလေးသာသာ အရွယ်လေးဆိုရင်တော့ လူမှုကွန်ယက်တွေရဲ့ ဆိုးကျိုးကို အဲဒီထက်အများကြီး ခံရနိုင်ပါတယ်။

အင်္ဂလန်နိုင်ငံ၊ ချက်ရှ်ရှိုင်းယားနယ်၊ ဝါရင်းတန်မြို့ကြီးက အသက် ၁၂ နှစ်အရွယ် ဂျက်ဆီကာစကတ်တာဆန် ဆိုသူ ချစ်စရာကလေးမလေးတစ်ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီမှာ သူတို့အိမ်ရေချိုးခန်းအတွင်းမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သူမဟာ လူမှုကွန်ယက်မှာ အလှောင်ပြောင်ခံရတာက စလို့ အခုလိုရင်နင့်စရာဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာပါ။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ သူမရဲ့ မိခင်ဖြစ်သူ ရေချယ်ဝါဘာတန်က Sun Online သတင်းဌာနကို သတင်းပေးပြောကြားပြီး မိဘတွေကို သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဂျက်ဆီကာလေးဟာ လွန်ခဲ့တဲ့တစ်နှစ်တုန်းက RIP လို့ ရေးခြစ်ထားတဲ့ သူမရဲ့ခြေဖဝါးပုံကို အွန်လိုင်းမှာ တင်ခဲ့ပြီးတဲ့နောက်မှာ သူမအိမ်က ရေချိုးခန်းထဲမှာ သူမကိုယ်သူမ သတ်သေခဲ့တာဖြစ်ပါတယ်။ ဂျက်ဆီကာဟာ သူမရဲ့ ချစ်စရာဓာတ်ပုံလေးတွေကို အွန်လိုင်းမှာတင်ရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး သူမပုံအောက်က အများရဲ့မှတ်ချက်တွေကိုလည်း အလေးထားခံစားတတ်သူ ဖြစ်ပါတယ်။ 

မိဘနှစ်ပါးကွဲကွာနေတဲ့ ဂျက်ဆီကာလေးဟာ အဲဒီအချိန်တုန်းက ဖခင်ဖြစ်သူနဲ့ နေထိုင်ခဲ့ပါတယ်။ တစ်ကြိမ်မှာ တော့ သူမဟာ အမေမရှိဘဲ နေထိုင်နေခြင်းအတွက် လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ လှောင်ပြောင်သူတွေ အတွက် ဘာမှမဟုတ်တဲ့ ကိစ္စဖြစ်နိုင်ပေမဲ့ မိဘတွေကွဲကွာနေခြင်းနဲ့ မိခင်ဖြစ်သူအနားမှာ မရှိခြင်းတို့ကြောင့် နဂိုစိတ်အခံမှာ ခံစားချက်တွေရှိနေပုံရတဲ့ ဂျက်ဆီကာလေးအတွက်ကတော့ သတ်သေလောက်တဲ့အထိ စိတ်ခံစားမှု ပြင်းထန်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။

အဲဒီလိုရင်နင့်ဖွယ်ဖြစ်ရပ်ကြောင့် ဂျက်ဆီကာရဲ့ မိခင်ဖြစ်သူ ရေချယ်ဝါဘာတန်က ကလေးတွေ အင်တာနက် အသုံးပြုတာဟာ အလွန်ကြောက်စရာကောင်းတဲ့အကြောင်း မိဘတွေကို သတိပေးပြောဆိုခဲ့ပါတယ်။ ကလေးရှိ တဲ့ မိဘတွေအနေနဲ့ ကလေးတွေ အွန်လိုင်းသုံးတာနဲ့ပတ်သက်လို့လည်း ထိန်းကွပ်ကြပ်မတ်သင့်တဲ့အကြောင်း အကြံပေးပြောဆိုခဲ့ပါတယ်။ 

by Cherry Mon

Ref; Daily Mail   

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။