စင်ကာပူတွင်မီးပျက်လျှင်ရက်နဲ့ချီကြာတတ်ပြီး မြန်မာနိုင်ငံတွင်နာရီပိုင်းသာကြာတတ်သည်

စင်ကာပူတွင် လျှပ်စစ်မီးပျက်ပါက ရက်နှင့်ချီကြာတတ်ပြီး မြန်မာနိုင်ငံတွင် မီးပျက်ပါက နာရီပိုင်းနှင့်ပြန်ရအောင် လုပ်ပေးနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒေါက်တာထွန်းနိုင်က ဧပရယ် ၂၉ တွင်ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင်ပြောကြားသည်။

" တခြားနိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အားမပြတ်တောက်ဘူးဆိုတာ မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပြန်တောက်သွားချိန်မှာ ကျွန်တော်တို့လို နာရီပိုင်းအတွင်းပြန်မရဘဲ ရက်ပိုင်းအထိကြာတတ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဓာတ်အားပြတ်တောက်သွားချိန်တွေဟာ နှစ်ပတ်ကြာတတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်တဲ့အခါမှာ မည်သည့်ကာလမဆို တရက်အတွင်းမှာ နာရီပိုင်းနဲ့ နှစ်နာရီ သုံးနာရီအတွင်း ပြန်ရအောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နိုင်ပါတယ်။ အခြားနိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနည်းတယ်ဆိုတဲ့နေရာမှာ ဘတ်ဂျက်သုံးစွဲခွင့်ပမာဏချင်း မတူပါ။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမဖြစ်အောင် မည်ကဲ့သို့ဆောင်ရွက်ရမလဲဆိုရင် စီမံဆောင်ရွက်ရမလဲဆိုလျှင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန နှစ်စဉ်တင်ပြတောင်းခံတဲ့ ဘတ်ဂျက်ပမာဏအားလုံးကို ခွင့်ပြုပေးဖို့လည်း လိုအပ်တယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကဏ္ဍဟာ အခုရေတွင်းတူး အခု ရေကြည်သောက်လို့မရတဲ့ကိစ္စရပ်မျိုးဖြစ်ပါတယ်" ဟု ဒေါက်တာထွန်းနိုင်က ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၏ မြန်မာနိုင်ငံလျှပ်စစ်မီးအခြေအနေနှင့်ပတ်သက်သော မေးခွန်းကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန် ပူပြင်းလွန်းပြီး ဆည်များရေခမ်းသောကြောင့် လျှပ်စစ်မီးများပြတ်တောက်မည်ဟု သတင်းထုတ်ပြန်ချက်များရှိနေပြီး ရန်ကုန်မြို့ရှိ မြို့နယ်တော်တော်များများတွင် လျှပ်စစ်မီးပြတ်တောက်မှုများမကြာခဏရှိနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းများကလည်း မြေအောက်ကေဘယ်လ် နှင့် ထရန်စဖော်မာပေါက်မှုကြောင့် အင်းစိန်မြို့နယ်တွင် မီးပျက်တောက်မှုရှိခဲ့ပြီး ရက်ပိုင်းနှင့်ချီကြာမြင့်ခဲ့သည်။

Gabriel



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။