Endgame အတွက် ဒေါ်လာ သန်း ၁၀၀ လောက် သရုပ်ဆောင်ကြေးရခဲ့တဲ့ Iron Man မင်းသား

အခုလတ်တလော နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မာဗယ်ရဲ့ Avengers: Endgame ဟာ ပွဲဦးထွက်ကတည်းက ဝင်ငွေစံချိန်တင်အောင် ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ခေတ်အဆက်ဆက် ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်လမ်းများ စာရင်းမှာ ပါဝင်လာပါပြီ။ Endgame တင်မကဘဲ မာဗယ်ရုပ်ရှင်  တော်တော်များများက ဝင်ငွေကောင်းခဲ့သလို မာဗယ်ရဲ့သရုပ်ဆောင်တွေဟာ သရုပ်ဆောင်ကြေး များများစားစား ရရှိကြသူတွေ ဖြစ်ပါတယ်။


အခုလက်ရှိ မာဗယ်နဲ့ Avengers ဇာတ်လမ်းတွေရဲ့ သရုပ်ဆောင်တွေထဲမှာ သရုပ်ဆောင်ကြေးအများဆုံး ရရှိထားသူကတော့ Tony Stark ခေါ် Iron Man မင်းသားကြီး ရောဘတ်ဒေါင်းနေးဂျူနီယာ (Robert Downey Jr.) ပဲ ဖြစ်ပါတယ်။ နာမည်ကျော် The Hollywood Reporter သတင်းဌာနရဲ့ သတင်းအရဆိုရင် အသက် ၅၄ နှစ်အရွယ် မင်းသားကြီး ဒေါင်းနေးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ရဲ့ Avengers: Infinity War ဇာတ်လမ်း တစ်ခုတည်းအတွင်တင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ Infinity War ဟာ စုစုပေါင်း အကြမ်းအမြတ်အနေနဲ့ ၂ ဘီလံျ ဝင်ငွေရရှိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။


အဲဒီအပြင် ဒေါင်းနေးဟာ ၂၀၁၇ ခုနှစ်တုန်းက Spider-Man: Homecoming အတွက် ရိုက်ကူးရေး ၃ ရက် ဆင်းပေးရုံနဲ့ ဒေါ်လာ ၅ သန်း ဝင်ငွေရရှိခဲ့ပါတယ်။ The Hollywood Reporter ရဲ့ အဆိုအရ ကပ္ပတိန်အမေရိကမင်းသား ခရစ္စအီဗန်၊ သောရ်မင်းသား ခရစ္စဟမ်းစဝေါ့သ်နဲ့ Black Widow အဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးချော စကားလက်ဂျိုဟန်ဆင်တို့ သုံးယောက်ကတော့ Avengers: Endgame ဇာတ်လမ်းအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ သန်း ၂၀ ကြား သရုပ်ဆောင်ကြေးရရှိခဲ့ပါတယ်။


မင်းသားကြီးဒေါင်းနေးကတော့ အရင်က သူရရှိခဲ့တဲ့ သရုပ်ဆောင်ကြေးတွေအရဆိုရင် Avengers: Endgame မှာလည်း ဒေါ်လာ သန်း ၁၀၀ လောက် ဝင်ငွေရရှိလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒေါင်းနေးဟာ ၂၀၀၈ ခုနှစ်ကတည်းက Iron Man ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး မာဗယ်ရဲ့ ပင်တိုင်မင်းသားတစ်လက်အဖြစ် ရှိနေခဲ့တာ အခုဆိုရင် ၁၀ နှစ်ကျော် လာပါပြီ။ ဒါ့ပြင် ဒေါင်းနေးဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်မင်းသားတွေထဲမှာ ထိပ်တန်းကနေ နေရာယူထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။


မာဗယ်စတူဒီယိုရဲ့အမြင်အရဆိုရင်လည်း Iron Man ဇာတ်လမ်းတွေနဲ့ စတင်အခြေတည်လာခဲ့တဲ့ MCU ရဲ့ စီမံကိန်းကြီးဟာ ဒေါင်းနေးမပါဘဲ ဖြစ်မြောက်လာဖို့ မလွယ်ကူပါဘူး။ အဲဒီအပြင် MCU timeline တစ်ခုရဲ့ အဆုံးသတ်လို့ ဆိုကြတဲ့ Avengers: Endgame မှာလည်း ဒေါင်းနေးဟာ ဇာတ်လမ်းရဲ့အရေးကြီးဆုံး အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ရပါတယ်။ အဲဒါကြောင့် ဘီလျံနဲ့ချီ မြတ်မယ့် Endgame လို ဇာတ်လမ်းမျိုးအတွက် ဒေါင်းနေးလိုလူမျိုးကို သန်း ၁၀၀ ဝန်းကျင်ပေးရတာဟာ မတန်စရာအကြောင်းမရှိပါဘူး။


by Cherry Mon


Ref; We Got This Covered, Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။