လေကြောင်းကနေ အဆိပ်တွေချပြီး ကြောင်တွေကို မျိုးတုံးသတ်ဖြတ်ရန် သြစတြေးလျစီစဉ်

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နိုင်ငံတကာ သတင်းမီဒီယာတွေထက်မှာ တိရိစ္ဆာန်ချစ်သူတွေနဲ့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့တွေကြား ပွက်လောရိုက်စေမယ့်သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ သြစတြေးလျအစိုးရဟာ မီလျံနဲ့ချီတဲ့ ကြောင်ရိုင်းတွေကို အဆိပ်ခတ်သတ်ဖြတ်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာတချို့ရဲ့ အဆိုအရ သြစတြေးလျအာဏာပိုင်တွေဟာ လေကြောင်းကနေ မြေပြင်ပေါ်ကို အဆိပ်ခတ်ထားတဲ့ အဆာသွပ်အသားချောင်းတွေ ဖြန့်ကျဲချပြီး ကြောင်ပေါင်းများစွာကို သုတ်လင်ရှင်းလင်းဖို့ စီစဉ်ထားပါတယ်။


သြစတြေးလျအစိုးရအနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ်အထိ ကြောင်ရိုင်းပေါင်း နှစ်သန်းကို သုတ်သင်ရှင်းလင်း မယ့် အကြောင်းကို ၂၀၁၅ ခုနှစ်ကတည်းက ကြေညာခဲ့တာပါ။ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတွေအရ ဆိုရင် နှစ်စဉ် သြစတြေးလျနိုင်ငံမှာ ကြောင်တွေဟာ ငှက်ပေါင်း ၃၇၇ သန်းနဲ့ တွားသွားသတ္တဝါပေါင်း ၆၄၉ သန်းကို သတ်ဖြတ်ခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒါကြောင့် အခုလို ကြောင်တွေကို သုတ်သင်ရှင်းလင်း ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။


နယူးတိုင်းမ်သတင်းစာရဲ့ အဆိုအရ အဲဒီလို လေထဲကနေ ပစ်ချမယ့် အသားချောင်းတွေကို သားပိုက်ကောင်ရဲ့ အသား၊ ကြက်အဆီနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေနဲ့အတူ အဆိပ်ကိုပါ ထည့်သွင်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီအသားချောင်းကို စားမိတဲ့ ကြောင်တစ်ကောင်ဟာ စားပြီး ၁၅ မိနစ်အတွင်းမှာပဲ အဆိပ်မိကာ သေဆုံးသွားမှာ ဖြစ်ပါတယ်။ အဲဒီအဆိပ်အသားချောင်းကို ဖော်စပ်ရာမှာ ပါဝင်ကူညီခဲ့တဲ့ ဒေါက်တာ ဒေ့ဗ်အယ်လ်ဂါဆိုသူက အဲဒီအသားချောင်းကို သူ့ကြောင်တွေနဲ့ အရင်ဆုံး စမ်းသပ်ခဲ့တာဖြစ်ပြီး “အရသာက ကောင်းပါတယ်။ ကြောင်တွေအတွက် နောက်ဆုံးအစာပါပဲ” လို့ ထုတ်ပြောခဲ့ပါတယ်။


 အဲဒီလိုကြောင်တွေကို အစုလိုက်အပုံလိုက် အဆိပ်ခတ်သတ်ဖြတ်မယ့် ကိစ္စနဲ့ပတ်သက်လို့ တိရိစ္ဆာန်ချစ်သူ တချို့နဲ့ တိရိစ္ဆာအခွင့်အရေးကာကွယ်ရေးသမားတွေက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့ပြင် လူပေါင်း ၁၆၀,၀၀၀ ကျော်ဟာလည်း သြစတြေးလျအနေနဲ့ ဒီလိုသတ်ဖြတ်မယ့်အစီစဉ်ကို ရုတ်သိမ်းဖို့ အွန်လိုင်းကနေ တဆင့် အသနားခံစာပေါင်း ဒါဇင်ဝက်ခန့်မှာ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ နာမည်ကျော် တိရိစ္ဆာန် အခွင့်အရေးကာကွယ်သူတွေကလည်း အစုလိုက်အပုံလိုက် အမျိုးတုံးသတ်ဖြတ်မှုကို ရပ်ဆိုင်းဖို့ တင်ပြခဲ့ကြ ပါတယ်။


အဲဒီကြောင်ရိုင်းမျိုးနွယ်တွေဟာ သြစတြေးလျမှာ နဂိုကတည်းက ရှိခဲ့တာမဟုတ်ဘဲ ၁၇၀၀ ပြည့် နောက်ပိုင်း ရောက်မှ အင်္ဂလန်ကနေ အကြောင်းအမျိုးမျုးိနဲ့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။


by Cherry Mon


Ref; The Sun, Daily Mail, Independent

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။