ဘော်ဒါတွေနဲ့ လုစားရမယ့် အသုပ်(၄)မျိုး

သူငယ်ချင်းတွေက ကိုယ့်အိမ်လာလည်လို့ပဲဖြစ်ဖြစ် ကိုယ်ကလည်းသူငယ်ချင်းတွေအိမ်ကိုသွားလို့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေအများကြီး လူစုံလာရင် ဆိုင်မှာအုပ်စုလိုက်မုန့်သွားစားတာထက် အိမ်မှာ သူငယ်ချင်းတွေစုပြီး ချဉ်ချဉ်ငန်ငန်အစပ်လေးတွေပါတဲ့ အသုပ်လေးကို လုပ်စားရတာက ပိုပြီးလည်းပျော်ရွှင်လို့ကောင်းသလို အရသာလည်းပိုပြီးကောင်းမယ်လို့ထင်ပါတယ်။ကဲဒီတော့ ခံတွင်းတွေ့မယ့် အသုပ်လုပ်နည်းလေးတွေအကြောင်း ကိုအလွယ်တကူရေးပေးလိုက်ပါမယ်နော်။

၁. ငါးနီတူသုပ်

ငါးနီသုပ်က လုပ်ရတာလည်းလွယ်ကူရိုးရှင်းပါတယ်။ ငါးနီတူခြောက်ကို ရေမဆေးဘဲ လှော်ပေးပါ။ ပြီးရင် မျှင်ငါးပိရယ်ကြက်သွန်နီရယ်ငရုပ်သီးစိမ်းရယ်ကို ရောထောင်းပါ။ ထောင်းထားတဲ့အနှစ်တွေကို လှော်ထားတဲ့ငါးနီတူခြောက်ထဲသို့ထည့်ပါ။ ပြီးသွားရင် မန်ကျည်းရင်ပျစ်ပျစ်လေးဖျော်ပြီး မန်ကျည်းရည်လေးစမ်းပြီး ရောသမမွှေလိုက်ခြင်းဖြင့် ရခိုင်ငါးနီသုပ်ကိုစားလို့ရပါပြီနော်။

၂. ရှောက်သီးသုပ်

အခုလို မိုးတွင်းမှာဆိုရင် ရှောက်သီးသုပ်စပ်စပ်လေးကို ကြာဇံချက်ပူပူလေးနဲ့စားရင် ပိုပြီးအရသာရှိတာပေါ့နော်။ အရင်ဦးဆုံး ရှောက်သီးတွေကို နွှာပါမယ်။ ပါဝင်ပစ္စည်းတွေဖြစ်ကြတဲ့ ကြက်သွန်နီ၊ ပုဇွန်ခြောက်ထောင်းပြီးသား၊ မျှင်ငပိ၊ ငရုပ်သီးမှုန့်၊ ဆီချက်တို့ကို သင့်တော်သလို ထည့်ပြီး သုပ်စားလို့ရပါပြီနော်။

၃. ကျောက်ပွင့်သုပ်

ကျောက်ပွင့်သုပ်ကတော့ စားလိုက်ရင် ထုပ်ထုပ်ထုပ်နဲ့စားလို့ကောင်းပါတယ်။ အရင်ဦးဆုံးကျောက်ပွင့်ကိုရေအရင်စိမ်ထားပါ။ ပြီးသွားရင် မြေပဲနဲ့ပုဇွန်ခြောက်ထောင်းပြီးသားအနည်းငယ်၊ သံပုရာရည်၊ ဆီချက်၊ ဆား၊ ခရမ်းချဉ်သီး စတဲ့ပါဝင်ပစ္စည်းတွေကိုအချိုးကျစွာရောစပ်ပြီး သုပ်စားလို့ရပါပြီနော်။

၄. သရက်သီးငံပြာရည်


အလွယ်ကူဆုံးနဲ့ခံတွင်းအတွေ့ဆုံးပါပဲ။ သရက်သီးကိုရေပြောင်အောင်ဆေးကြောပြီး လှီးထားပါ။ ငံပြာရည်ထဲကို သကြား၊ အချိုမှုန့်၊ ငရုပ်သီးမှုန့်တွေဖျော်ထားပါ။ ပြီးရင်တော့ သရက်သီးနဲ့တို့စားလို့ရပြီပေါ့နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။